ဗီယက်နမ်၏ အရည်အသွေးအကောင်းမွန်ဆုံးသောဆန် ကနေဒါဈေးကွက်သို့ဝင်ရောက်

Powered by Drupal

        ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီဖြစ်သည့် KD Trading သည် ဗီယက်နမ်၏ ST25 ဆန်ကို ကနေဒါဈေးကွက်သို့ပို့ဆောင်ပေးမည့် အဓိကမိတ်ဖက်ဖြစ်လာကြောင်းသိရပါသည်။ ST25 ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ၂၀၁၉ခုနှစ်နှင့် ၂၀၂၃ခုနှစ်တို့တွင် ရရှိခဲ့ကြောင်းသိရပါသည်။ KD Trading ၏ CEO ဖြစ်သူ Kevin Le က ဗီယက်နမ်၏ ST25 ဆန်ကို ကနေဒါသို့ တင်သွင်းရန်အတွက် ကုမ္ပဏီသည် ဆန်၏ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းဖွံ့ဖြိုးတိုးတက်ရန်နှင့် အလွန်စေ့စပ်စွာ ဈေးကွက်စာရင်းကောက်ယူမှုများပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ကနေဒါနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးအကြံပေးပုဂ္ဂိုလ် Tran Thu Quynh က ကုန်သွယ်ရေးရုံးသည် ဗီယက်နမ်ဆန်ထုတ်ကုန်များအား ကနေဒါဈေးကွက်သို့ ယူဆောင်ပေးသည့် ပြည်ပရှိ ဗီယက်နမ်လုပ်ငန်းများ၏ အခန်းကဏ္ဍကို  အသိအမှတ်ပြုကြောင်းပြောကြားခဲ့ပါသည်။ Quynh က ယခင်ကလုပ်ငန်းများသည် သင့်ရုံအရည်အသွေးရှိသောဆန်များကိုသာ ကနေဒါသို့တင်သွင်းရန် အာရုံစိုက်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ သို့သော် ပြည်ပရှိ ဗီယက်နမ်လူမျိုးများသည် ST25 ကဲ့သို‌သော အရည်အသွေးမြင့်မားသောဆန်များကို ကနေဒါဈေးကွက်သို့တင်သွင်းရန် အားထုတ်ခဲ့ကြကြောင်းသိရပါသည်။ ကနေဒါသည် ဆန်စားသုံးမှုကြီးမားသော ‌ဈေးကွက်တစ်ခုဖြစ်ပြီး နှစ်စဉ်ဆန်တန်ချိန်၅၀၀၀၀၀တင်သွင်းရန် ဝယ်လိုအားရှိကြောင်းသိရပါသည်။ ကနေဒါသည် ဆန်အရည်အသွေးအပေါ်တွင် တင်းကြပ်သည့် စံနှုန်းလိုအပ်ချက်များထားရှိကြောင်းသိရပါသည်။ Quynh ကတင်သွင်းသည့် ဆန်အရည်အသွေးအာမခံချက်အတွက် ကုန်သွယ်ရေးရုံး၊ တင်ပို့သူများ၊ တင်သွင်းသူများနှင့် ဖြန့်ချိရေးသမားများပါဝင်သည့် အဖွဲ့‌ပေါင်းစုံပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ ယခုနှစ်၏ ပထမနှစ်ဝက်တွင် ကနေဒါသည် အမေရိကန်ဒေါ်လာ ၂၀၇သန်းတန်ကြေးရှိသည့် ဆန်များကိုတင်သွင်းခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် ကနေဒါသို့ အမေရိကန်ဒေါ်လာ ၆.၅သန်းတန်ဖိုးရှိသည့်ဆန်များတင်ပို့ခဲ့ပြီး ကနေဒါသို့ ထိပ်တန်းဆန်တင်ပို့သူ (၅) နိုင်ငံထဲတွင် လတ်တလောပါဝင်ကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)