မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရာသီပေါ် ဩဇာသီးများ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဩဇာသီးကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုပ္ပါး၊ ကျောက်ပန်းတောင်းနှင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိရွာများ၌ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပါသည်။ ဩဇာပင်သည် နှစ်ရှည်ခံပင်ဖြစ်ပြီး အပူပိုင်းဒေသများတွင် အများဆုံးပေါက်ရောက်ဖြစ်ထွန်းကြောင်းသိရသည်။
ယခုအချိန်တွင် ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့၌ ကျောက်ပန်းတောင်းဒေသမှထွက်ရှိသော ဩဇာသီးများ စတင်ဝင်ရောက်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။ ဩဇာသီးများကို တချို့က ပိဿာဖြင့်လည်းကောင်း၊ တချို့က တစ်လုံးချင်းဖြင့်လည်းကောင်း ရောင်းဝယ်ဖောက်ကားလျက်ရှိရာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် ဩဇာသီးတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ တစ်လုံးလျှင် ကျပ် (၁၀၀၀)ဖြင့်ရောင်းချပြီး နေ့စဉ် အလုံးရေ (၃၀၀၀) မှ (၁၀၀၀၀) ထိ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)