ပေါက်မြို့နယ်၌ မြေပဲသီးနှံကို (သီးထပ်)အဖြစ် နှစ်ကြိမ်စိုက်ပျိုးလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ဒေသခံစိုက်ပျိုးရေး တောင်သူများအနေဖြင့် မြေအောက်ရေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီမပြတ် ယောချောင်းနှင့် ကျောချောင်းကို အမှီပြု၍ ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး ဆန်စပါး၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံများအပြင် ဆီထွက်သီးနှံမြေပဲကိုလည်း ဒုတိယအများဆုံး စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရှိရပါသည်။ ယခင်နှစ်က မြေပဲသီးနှံကို တစ်နှစ်လျှင် တစ်ကြိမ်သာစိုက်ပျိုးကြသော်လည်း ယခု၂၀၂၄ခုနှစ်တွင် မိုးမြေပဲနှင့် ဆောင်းမြေပဲကို စိုက်ဧက(၃၅၀၀)ခန့် တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

   ဆောင်းမြေပဲကို စက်တင်ဘာလဆန်းတွင် မြေပြန်လည်ပြုပြင်ပြီး ထွန်ချောင်းဆွဲ၍ အလုပ်သမားငှားရမ်းပြီး အစေ့ချစိုက်ပျိုးပြီး ဒီဇင်ဘာလလယ်တွင် ထွက်ပေါ်မည်ဖြစ်ကြောင်း၊ တစ်ဧက လျှင် မျိုးစေ့ (၂)တင်းခန့်ကုန်ကျပြီး (၁)ပြည်လျှင် ကျပ်(၂၅၀၀၀)ဖြင့် ဝယ်ယူရကြောင်း၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် တစ်ဧကလျှင် ကျပ်(၁၂)သိန်းခန့်ကုန်ကျကြောင်း သိရှိရပါသည်။

   မိုးမြေပဲထွက်ရှိသည့် ဩဂုတ်လတွင် မြေပဲတောင့်အခြောက်တစ်တင်းလျှင် ကျပ်(၈၀၀၀၀)၊ မြေပဲလုံးဆံတစ်ပြည်လျှင် ကျပ်(၂၀၀၀၀)၊ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၄၂၀၀၀)ဈေးဖြင့် ရောင်းချရကြောင်း၊ မြို့ပေါ်ရှိဆီစက် လုပ်ငန်းရှင်များမှ ဝယ်ယူကြောင်း၊ အချို့တောင်သူများမှလည်း မြေပဲအတောင့်ရောင်းချခြင်းမရှိဘဲ ကိုယ်တိုင်ဆီကြိတ်၍ ရောင်းချကြောင်း၊ ဒေသတွင်း၌သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ဧကလျှင် တင်း(၃၂)တင်းခန့်ထွက်ရှိပြီး ကျပ်(၁၃၀၀၀၀) ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ပေါက်မြို့နယ်အတွင်း နယ်မြေအခြေအနေအရ ဈေးနှုန်းကြီးမြင့်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 DOCA(မကွေး)