ပုသိမ်မြို့ရှိ ကွန်စွန်းဥဈေးနှုန်း

Powered by Drupal

       ကန်စွန်းဥကို မြန်မာပြည်ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ကန်စွန်းဥသည် မြေကြီးထဲတွင်   အမြစ်တွယ်ကာ ပေါက်ရောက်တတ်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး  မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးလေ့ရှိသော   သစ်ဥ၊ သစ်ဖု၊  သစ်မြစ်များထဲတွင် ကန်စွန်းဥလည်း   တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကန်စွန်းဥတွင် အာဟာရဓာတ်များနှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိကြကာ ၎င်းဓာတ်များက လူသားတို့အတွက် ကျန်းမာရေးတော်တော်များများကို ကောင်းကျိုးပြုပေးနိုင်သည်။ မြန်မာပြည်တွင်း ဌာနေကန်စွန်းဥမျိုးမှာ  လိမ္မော်ရောင်နှင့် အဖြူရောင်တို့ဖြစ်ကြပြီး ဂျပန်နိုင်ငံမျိုးကန်စွန်းဥမှာ ခရမ်းရောင်ဖြစ်သည်။ ထိုခရမ်းရောင်ကန်စွန်းဥထဲတွင် antioxidant နှင့်  anti-inflammatory  ဓာတ်များ ကြွယ်ဝစွာပါရှိသဖြင့် ကျန်းမာရေးအတွက် ပိုမိုအစွမ်းထက်မြက်စေပါသည်။ ကန်စွန်းဥကိုစိုက်ပျိုးရာတွင် သဲမြေ၊ နုန်းမြေများတွင်စိုက်ပျိုးကြပြီး ကန်စွန်းညွန့်ကိုယူ၍ စိုက်ပျိုးကြပါသည်။ အပင်များအား စိုက်ပျိုးရာတွင် ပေါင်များပြုလုပ်ပြီး မြေများအားပြုပြင်၍ ၅ပေအကျယ်တွင် စိုက်ပျိုးရပါသည်။ အပင်များအား စိုက်ပျိုးပြီး မြေပြင်မှ အပင်များထွက်ပေါ်လာသည့်အခါ အပင်ခြေတွင် မြေများဖို့ပေးရပါသည်။ အပင်စိုက်ပြီး အစောပိုင်းတွင် ပေါင်းမြက်များ မကြာခဏရှင်းပေးရပါသည်။ အပင်စိုက်ပြီး နှစ်လခွဲအကြာတွင် အပင်ခြေရင်း၌ မြေများဖို့ပေးရပါသည်။ ကန်စွန်းဥများအား ဈေးကောင်းရရန်အတွက် မရင့်မီ အရွယ်ရောက်သောဥများကို စောစွာတူးဖော်၍ ရောင်းချရပါသည်။

          ကန်စွန်းဥကို ပြုတ်စားခြင်း၊ ကြော်စားခြင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသောက်၍ရပါသည်။ ကန်စွန်းဥများအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သဲမြေ၊ နုန်းမြေရရှိသောဒေသများတွင်  အများအပြားစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ကန်စွန်းဥများအား ဒေသဈေးကွက်အတွင်း တင်ပို့ရောင်းချလျက်ရှိပြီး ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင် ကန်စွန်းဥတစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)