မိုးသည်းထန်မှုနှင့် ရေကြီးမှုများရှိသော်လည်း စပါးအထွက်တိုးမည်ဟု အိန္ဒိယဝန်ကြီးပြောကြား

Powered by Drupal

    အိန္ဒိယနိုင်ငံ၏ ပြည်နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ရှိနေ သော်လည်း ယခုနှစ် ဆန်ထွက်ရှိမှုသည် ယခင်နှစ်ထက် ပိုမိုများပြားမည်ဟု စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan က စက်တင်ဘာ ၁၉ ရက်နေ့၌ ပြောကြားခဲ့သည်။

    ပြည်တွင်း၌ ဆန်လက်ကျန်ပမာဏမြင့်တက်နေပြီး လယ်သမားများသည် လာမည့်သီတင်း ပတ်များအတွင်း စပါးအသစ်များကို ရိတ်သိမ်းရန် စီစဉ်နေသောကြောင့် အိန္ဒိယနိုင်ငံ အနေဖြင့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ရန် စဉ်းစားလျက်ရှိ သည်။ နိုင်ငံ၏ လူဦးရေ ၁.၄ ဘီလီယံအတွက် လုံလောက်သော ထောက်ပံ့မှုရှိစေရန်နှင့် ပြည်တွင်း စျေးနှုန်းများကို ထိန်းသိမ်းထားနိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ်တွင် ပြည်ပသို့ အဆင့်အတန်း အမျိုးမျိုးဖြင့် ဆန်တင်ပို့မှုများအပေါ် ကန့်သတ်ချက်များ ဆက်တိုက်ချမှတ်ခဲ့ ကြောင်း သိရသည်။

    ယခင်နှစ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝန်း စိုက်ပျိုးမြေအားလုံး၏ ထက်ဝက်ခန့်ရှိသော မိုးကောင်းသောက်လယ်မြေများတွင် မိုးရွာသွန်းမှု လျော့နည်းခဲ့သည်။ မိုးဦး ရာသီအစ ဇွန်လတွင် အားနည်းမှုရှိသော်လည်း ယခုနှစ်တွင် မုတ်သုံမိုးရွာသွန်းမှု များပြားခဲ့ပြီး ၄ လအတွင်း  ပျမ်းမျှမိုးရွာသွန်းမှု၏အထက် ၇.၆ ရာခိုင်နှုန်း ကျော်လွန်ခဲ့သည်။

    နိုင်ငံအတွင်း အချို့နေရာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့ရာ ယခုနှစ် စပါးသီးနှံအချို့ အထွက်ပမာဏ လျော့နည်းဆုံးရှုံးမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ ကြောင်း သိရသည်။ သို့သော် ရေကြီးရေလျှံမှု ပြဿနာသည် နေရာအနှံ့အပြားတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ အချို့ပြည်နယ်များရှိ နယ်မြေအချို့တွင်သာ တွေ့ကြုံခဲ့ခြင်းဖြစ်ကြောင်း၊  ၎င်းအနေဖြင့် မကြာသေးမီက ရေဘေးသင့်ပြည်နယ်အချို့သို့ သွားရောက်အားပေးခဲ့ကြောင်း၊ ယခုနှစ်၌ စပါး စိုက်ပျိုးမှုမှာ ပိုမိုများပြားသဖြင့် ရေကြီးမှုဖြစ်ပေါ်သော်လည်း စပါးအထွက်ပမာဏသည် ယခင်နှစ် ကထက် ပိုမိုလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီး Chouhan က ပြောကြားခဲ့သည်။

     စပါးအထွက်မြင့်မားမှုသည်  ဘာစမာတီမဟုတ်သောဆန်ဖြူတင်ပို့မှုအား အိန္ဒိယအစိုးရက ခွင့်ပြုပေးစေရန် တွန်းအားပေးလိမ့်မည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်၌ ပို့ကုန်ကန့်သတ်ချက်များ ချမှတ်မှု မပြုမီကာလတွင် အိန္ဒိယ၏ဆန်တင်ပို့မှုသည် ကမ္ဘာ့ဆန်တင်ပို့မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ရှိ ကြောင်း၊ ရာသီအသစ်မှ သီးနှံများမပေါ်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် ဘာစမာတီဆန် တင်ပို့မှုအတွက် ကြမ်းခင်းဈေးနှုန်း သတ်မှတ်ထားခြင်းကို အိန္ဒိယအစိုးရက စက်တင်ဘာ ၁၃ ရက် နေ့တွင် ဖယ်ရှားပေးခဲ့ကြောင်း သိရပါသည်။

Source: Reuters, 19 Sept 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)