
အင်ဒိုနီးရှားနိုင်ငံ၏ ဖိနပ်လုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးကို ကမ္ဘာ့အဆင့်သို့ အရှိန်မြှင့်တင်ရန် အလားအလာရှိကြောင်း လုပ်ငန်းတာဝန်ရှိသူ တစ်ဦး၏အဆိုအရသိရပါသည်။ စက်မှုဝန်ကြီးဌာနအောက်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ညွှန်ကြားရေးမှူးချုပ်၏ အတွင်းရေးမှူးဖြစ်သူ Riefky Yuswandi က ၂၀၂၄ခုနှစ်၏ ဒုတိယ ၃လပတ်ကာလတွင် နိုင်ငံ၏ဖိနပ်လုပ်ငန်းသည် လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃.၉၂% မြင့်တက်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ၂၂-၉-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သော Indonesia Footwear Creative Competition (IFCC) ၌ Yuswandi က 2023 World Footwear Yearbook ထံမှ အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် လွန်ခဲ့သည့်နှစ်တွင် ဖိနပ်အစုံပေါင်း ၈၀၇သန်းထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်ဖိနပ်ထုတ်လုပ်သူ ငါးနိုင်ငံတွင် ပါဝင်ခဲ့ကြောင်းနှင့် ထိုစုစုပေါင်းထုတ်လုပ်မှုထဲမှ ဖိနပ်အစုံပေါင်း ၄၄၅သန်း (၅၅%) ခန့်ကို ပြည်ပသို့တင်ပို့ခဲ့ပြီး အင်ဒိုနီးရှား၏ တည်ငြိမ်သော ထုတ်လုပ်နိုင်စွမ်းနှင့် စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ နိုင်ငံ၏ ယခုနှစ်ဖိနပ်တင်ပို့မှုတန်ဖိုးသည် ၂၀၂၃ခုနှစ်တွင် ရရှိခဲ့သည့် အမေရိကန်ဒေါ်လာ ၆.၄ဘီလီယံတန်ဖိုးကို ကျော်ဖြတ်နိုင်မည်ဟု ခန့်မှန်းရကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမ ၆လတာ ဖိနပ်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၇ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။ ဖိနပ်အစုံ ၃၆၂သန်းကို လူဦးရေ ၂၈၂သန်းရှိသော အင်ဒိုနီးရှားပြည်တွင်း၌ ရောင်းချနိုင်ခဲ့ပြီး ထိုအချက်အရ နိုင်ငံသားတစ်ဦးသည် နှစ်စဉ် ဖိနပ်တစ်စုံ သို့မဟုတ် နှစ်စုံဝယ်ယူကြကြောင်းသိရပါသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင် ရလဒကောင်းများရရှိရန် ကြီးမားသောဆန်းသစ်တီထွင်ပြောင်းလဲခြင်းများလိုအပ်ကြောင်း Yuswandi ကပြောကြားခဲ့ပါသည်။ Yuswandi က စက်မှုဝန်ကြီးဌာန၏ စက်ယန္တယားပြန်လည်ဖွဲ့စည်းမှုပရိုဂရမ်သည် ဖိနပ်အပါအဝင် ပြည်တွင်းဖန်တီးနိုင်စွမ်းရှိသော စက်မှုလုပ်ငန်းများကိုပံ့ပိုးပေးရန်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထိုပရိုဂရမ်အရ လုပ်ငန်းရှင်များသည် တင်သွင်းသည့် စက်ပစ္စည်းများ၏ ကုန်ကျစရိတ် ၂၅% နှင့် ပြည်တွင်း၌ ထုတ်လုပ်သည့် စက်ပစ္စည်းများ၏ ၄၀% အတွက် ငွေပြန်ရမည်ဟုသိရပါသည်။
Source : Antara News
DOCA(ရန်ကုန်)