![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ပဲခူးခ.jpg?itok=HqcPwFID)
ခဝဲပင်သည် ဗူး၊ ဖရုံစသော အပင်မျိုး၌ ပါဝင်၍ နှစ်စဉ်စိုက်ပျိုး၍ရသော အပင်မျိုးဖြစ်ပါသည်။ နွယ်ပင်ကဲ့သို့လိမ်ယှက်၍ပေါက်တတ်သော အပင်အမျိုးဖြစ်ပါသည်။ ခဝဲသီး၏အရှည်သည် အလျား ၇ လက်မ မှ ၁၅လက်မအထိ ရှည်သည်။ ခဝဲပင်၏အဖျားပိုင်းသည် အနည်းငယ်ထွား၍ အညှာဘက် သို့သေးသိမ်သွားသည်။ လတ်ဆက်နေချိန်၌ ခဝဲသီးသည် အစိမ်းရင့်ရောင်ရှိ၍ သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲ စောင်းပါရှိသည်။ အရည်ရွှမ်း၍ ပွ၏။ အစေ့မှာ သခွားစေ့ကဲ့သို့ ရှိ၏။ အပွင့်မှာ အဝါရောင်ရှိသည်။ ခဝဲပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် ပေ၄၀၀၀ထက်နိမ့်သော အရပ်ဒေသတို့၌ စိုက်ပျိုးနိုင်ပါသည်။ ခဝဲသီးတွင်ပါရှိသော စောင်းများကိုခြစ်ထုတ်ပြီး ကြော်ချက်၍သော်လည်းကောင်း၊ ဟင်းချိုချက်၍သော်လည်းကောင်း ချက်ပြုတ်၍စားသောက်နိုင်ကြသည်။ မြေပြင်ညီညာသောဒေသများ၌ ခဝဲပင်ကို အများအားဖြင့် ဧပြီလအလယ်မှစ၍ ဇူလိုင်လအလယ်အထိ စိုက်ပျိုးကြသည်။ မျိုးစေ့ ၂ပေါင်၃ပေါင်လောက်သည် တစ်ဧကကျယ်ဝန်းသော မြေကွက်ပေါ်၌ စိုက်ပျိုးရန်အတွက် လုံလောက်သည်။ ခဝဲပင်ကိုစိုက်ပျိုးပုံမှာ မြေအကွာအဝေး ၆ လက်မစီခြားသော တွင်းများကိုစီတန်းကာတူးရသည်။ ထို့နောက်မျိုးစေ့များကို တွင်းထဲသို့ထည့်၍ တွင်းများကိုမြေကြီးဖြင့် ပြန်ဖို့ရသည်။ မိုးအနည်း ငယ်ရွာသွန်းသော ဒေသများတွင် ခဝဲပင်များကိုစင်မထိုးဘဲ စိုက်ပျိုးကြသည်။ သို့သော် မိုးများသော ဒေသများတွင်မူ စင်ထိုး၍စိုက်ပျိုးကြသည်။ အကြောင်းမှာ စိုစွတ်သောမြေပေါ်တွင် ကြာမြင့်စွာ ခဝဲ သီးကျနေပါက ပုပ်လွယ်သောကြောင့် ဖြစ်ပါသည်။ ခဝဲပင်ကိုမြေဩဇာကောင်းသော မြေပေါ်တွင်သာ စိုက်ပျိုးကြသည်။ မြေဩဇာညံ့ဖျင်းသော ဒေသများ၌ပြာနှင့် နွားချေးအဆွေးများကို မြေဩဇာအဖြစ် အသုံးပြုကြသည်။ မိုးကောင်းစွာရွာသွန်း လာသည့်အချိန်ထိ ရေမှန်မှန်လောင်းပေး ရသည်။ အချိန်မှန် ပေါင်းသင်ပေးမှ အပင်များသန်စွမ်း လာမည်ဖြစ်သည်။ အယဉ်များနှင့် အရိုင်းမျိုးဟူ၍ အမျိုးအစား (၂)မျိုးရှိရာ အရိုင်းမျိုးသည် ခါးသောအရသာရှိသည်။
ခဝဲသီးတွင်အဆီပါတင်မှုနည်းပါးပြီး ကယ်လိုရီပါဝင်မှုလည်းနည်းသည်။ ခဝဲသီးကိုစားသုံးပေးခြင်းဖြင့် သွေးသန့်စင်ပေးနိုင်ခြင်း၊ ဝမ်းမှန်စေခြင်း၊ အသားဝါရောဂါဖြစ်ပွားနိုင်ချေလျော့နည်း စေခြင်း၊ ဆီးချို သွေးချို ရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေခြင်း၊ ရောင်ရမ်းမှုကိုလျော့နည်းစေခြင်း၊ ခုခံအား ကောင်းစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ အစာအိမ်ကိုကူညီနိုင်ခြင်း စသည့်ကျန်းမာရေးကောင်း ကျိုးများကို ရရှိစေနိုင်ပါသည်။ ခဝဲသီးချိုချိုလေးကို ဟင်းရည်ချက်၍သော်လည်းကောင်း၊ ဆီပြန်ချက် ၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းလျာတစ် ခွက်ကိုရရှိစေပါသည်။
DOCA(ပဲခူး)