ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပန်းမုန်လာပွင့်များ အရောင်းအဝယ်ဖြစ်

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများနှင့် မြို့များတွင် ရာသီပေါ်သီးနှံဖြစ်သော ပန်းမုန်လာပွင့်များ စတင်ပေါများစွာထွက်ပေါ်လာပြီဖြစ်ကြောင်းသိရသည်။ အောင်ပန်း၊ ရေချို၊ လဲချားနှင့် အနီးတဝိုက်ရှိကျေးရွာများမှ တောင်သူများသည် ပန်းမုန်လာပွင့်များကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင် စားသုံးရန်အတွက်သော်လည်းကောင်း စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

        စိုက်ပျိုးထွက်ရှိလာသော ပန်းမုန်လာပွင့်များကို အောင်ပန်းမြို့ မြို့မဈေးရှိ အဝယ်ဒိုင်ပွဲရုံများသို့ လာရောက်ရောင်းချကြကြောင်းနှင့် တချို့ကို ရန်ကုန်၊ မန္တလေးနှင့် အခြားနီးစပ်ရာမြို့များသို့လည်း တင်ပို့ရောင်းချကြကြောင်းသိရသည်။ ဈေးနှုန်းများမှာ ပန်းပွင့်အကြီးအသေးပေါ်မူတည်၍ အဝယ်ဒိုင်ပွဲရုံဈေး (၃၅၀) ကျပ်မှ (၇၀၀) ကျပ်အထိရှိပြီး လက်လီဈေး (၅၀၀) ကျပ် (၁၅၀၀) ကျပ်အထိရှိကြောင်းသိရှိရသည်။ တချို့အဝယ်ဒိုင်များမှာ စိုက်ခင်းသို့လာရောက်၍ အခင်းပြတ်ဝယ်ယူကြကြောင်းလည်းသိရှိရသည်။

       ယခင်အပတ် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုပြီး ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးကုန်သွယ်မှုလမ်းကြောင်းများပိတ်လျက်ရှိကြောင်းသိရသည်။ တချို့ကုန်ပစ္စည်းများမှာ ရောင်းသူဝယ်သူမရှိဘဲ အရောင်းအဝယ်ပါးလျက်ရှိရာ ရောင်းဝယ်မှုလုပ်ငန်း (၆၀) ရာခိုင်နှုန်းနီးပါးအထိလျော့ကျသွားကြောင်းသိရှိရသည်။

          ယခုအပတ်တွင် ရေများလျော့ကျသွားပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကြောင့် ကားလမ်းများ ပြန်လည်ပွင့်လင်းလာ၍ ရောင်းဝယ်ကုန်သွယ်မှုများတဖြည်းဖြည်းပြန်လည်စတင်လာပြီဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ရှမ်း)