အမေရိကန်သည် တရုတ်ဆော့ဖ်ဝဲများနှင့် ဟာ့ဒ်ဝဲများချိတ်ဆက်တဆင်ထားသော ကားများကိုပိတ်ပင်ရန် စီစဉ်နေ

Powered by Drupal

       အမေရိကန်နိုင်ငံသည် တရုတ်ဆော့ဖ်ဝဲများနှင့် ဟာ့ဒ်ဝဲများချိတ်ဆက်တပ်ဆင်ထားသော ကားများကိုပိတ်ပင်ရန် စီစဉ်နေပြီး ၎င်းအစီအစဉ်သည် အမေရိကန်စျေးကွက်သို့ဝင်ရောက်မည့် တရုတ်ကားများအတွက် ဆိုးရွားသော အလားအလာတစ်ရပ်ပင်ဖြစ်သည်။ အမေရိကန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာ၏ စက်မှုနှင့်လုံခြုံရေးဗျူရိုက တရုတ်နှင့် ရုရှားတို့၏ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲများတပ်ဆင်ချိတ်ဆက်ထားသောကားများကို ‌ရောင်းချခြင်း သို့မဟုတ် တင်သွင်းခြင်းကို တားမြစ်မည်ဟုအဆိုပြုထားသော စည်းမျဉ်းချက်တစ်ရက်ကို ညတွင်းချင်းပင် ထုတ်ပြန်ကြေညာခဲ့သည်။

       ယနေ့ကားများတွင် အင်တာနက်ဖြင့်ချိတ်ဆက်ထားသော ကင်မရာများ၊ မိုက်ကရိုဖုန်းများ၊ GPS ခြေရာခံစက်များနှင့် အခြားနည်းပညားများစွာတပ်ဆင်ထားသည်ဖြစ်ရာ အချက်အလက်များကိုရယူနိုင်သော နိုင်ငံခြားရန်ဘက်ပြုသူတစ်ဦးမှ အမျိုးသားလုံခြုံရေးနှင့် အမေရိကန်နိုင်ငံသားများ၏လုံခြုံရေးတို့ကို ဆိုးရွားစွာအန္တရာယ်ဖြစ်စေနိုင်ကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Gina Raimondo ကပြောကြားခဲ့သည်။ အဆိုပါ အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကိုဖြေရှင်းရန် အမေရိကန်ကုန်သွယ်ရေးဌာနသည် အမေရိကန်နိုင်ငံလမ်းများပေါ်ရှိ တရုတ်နှင့်ရုရှား လုပ်နည်းပညာများကိုတားဆီးရန် ပစ်မှတ်ထားလုပ်ဆောင်နေခြင်းဖြစ်သည်ဟု သူမက ဆက်လက်ပြောကြားခဲ့သည်။ အဆိုပြုထားသောစည်းမျဥ်းသည် ကားများ၊ ထရပ်ကားများနှင့် ဘတ်စ်ကားများကဲ့သို့သော ယာဉ်များအားလုံးနှင့်သက်ဆိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးသုံးယာဉ် (သို့မဟုတ်)  သတ္တုတူးဖော်ရေးယာဉ်များမပါဝင်ကြောင်းသိရသည်။ အဆိုပါစည်းမျဉ်းသည် အမေရိကန်နိုင်ငံ အတွင်း၌ မော်တော်ယာဉ်ထုတ်လုပ်ခဲ့လျှင်ပင် တရုတ် (သို့မဟုတ်) ရုရှားနှင့်ချိတ်ဆက်ထားသော Vehicles Connectively System (VCS) ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် Automated Driving System (ADS) ဆော့ဖ်ဝဲများအသုံးပြုထားသော ကားများလည်းအကျုံးဝင်မည်ဖြစ်သည်။ VCS ဆိုသည်မှာ telematics ထိန်းချုပ်မှုယူနစ်များ၊ ဘလူးတုသ်၊ ဆယ်လူလာ၊ ဂြိုလ်တုနှင့် Wifi မော်ဂျူးများ အပါအဝင် မော်တော်ယာဉ်အား ပြင်ပသို့ဆက်သွယ်နိုင်စေမည့် စနစ်အစုအဝေးများဖြစ်သည်။ ADS သည် ယာဉ်မောင်းမပါဘဲ မောင်းနှင်နိုင်စေရန် စွမ်းဆောင်ပေးနိုင်သည့် ကားအစိတ်အပိုင်းများ ဖြစ်သည်။

          ဆော့ဖ်ဝဲပိတ်ပင်မှုသည် Model Years ၂၀၂၇ခုနှစ်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး၊ ဟာ့ဒ်ဝဲပိတ်ပင်မှုသည် Model Year ၂၀၃၀ခုနှစ် သို့မဟုတ် ၂၀၂၉ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင် အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။ တရုတ်ကုမ္ပဏီများအတွက် စျေးကွက်အခြေခံမူများကို လေးစားလိုက်နာရန်နှင့် တရုတ်ကုမ္ပဏီများအတွက် ပွင့်လင်းမြင်သာမှု၊ ပွင့်လင်းမျှတမှုနှင့် ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးပတ်ဝန်းကျင်တစ်ခု‌ပေးရန် အမေရိကန်အား တိုက်တွန်းထားကြောင်း၊ တရုတ်နိုင်ငံသည် ၎င်း၏တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ပြတ်ပြတ်သားသားကာကွယ်သွားမည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ အမေရိကန်အစိုးရသည် EV များအ‌ပေါ်တွင် ၁၀၀% အခွန်စည်းကြပ်မှုအပါအဝင် တရုတ်သွင်းကုန်များအပေါ် သိသိသာသာ အကောက်ခွန်တိုးမြင့်မှုကို စက်တင်ဘာ ၁၃ရက်နေ့ကစတင်ခဲ့သည်။ တရုတ် EV များအပေါ်တွင် အကောက်ခွန် ၁၀၀%၊ ဆိုလာဆဲလ်များအပေါ် အကောက်ခွန် ၅၀% နှင့် EV ဘတ်ထရီများ၊ အဓိကဓာတ်သတ္တုများအပေါ် အကောက်ခွန်၂၅% အပါအဝင် အခွန်အများအပြားကို စက်တင်ဘာလ ၂၇ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် (USTR) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source : cnevpost

 

DOCA(ရန်ကုန်)