သပြေစိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေရနေ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ပဲ၊ နှမ်း၊ ငရုတ် စသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးကြသည့်အပြင် ပန်းမန်မျိုးနွယ်ဝင်ဖြစ်သည့် အောင်သပြေ၊ အာဆီယံသပြေနှင့် ညိုချော သပြေ များကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကာ ပုံမှန်ဝင်ငွေရနေကြောင်း သိရသည်။

        အောင်သပြေ၊ အာဆီယံသပြေနှင့် ညိုချောသပြေများကို ပြင်ဦးလွင်နှင့် မန္တလေးမြို့နယ် များကနေ မှာယူ စိုက်ပျိုးကြကြောင်း၊ ပျိုးပင်အသေး၊ အကြီးပေါ် မူတည်၍ ပျိုးပင် (၁) ပင်လျှင် ကျပ် (၈၀၀) မှ (၁၁၀၀) ဝန်းကျင်ခန့် ဝယ်ယူရကြောင်း၊ မြေ (၁) ဧကတွင် သပြေအမျိုးအစား၊ အပင် အစိပ် အကျဲပေါ် မူတည်၍ အပင်ရေ  ၁၀၀၀ ခန့် ဝင်ဆံ့ စိုက်ပျိုးနိုင်ကြောင်း၊ သပြေညွန့် အမျိုးအစား အလိုက် စိုက်ပျိုးပြီး  ( ၆ ) လ၊ ( ၁ ) နှစ်အရွယ်မှစ၍ သပြေညွန့်များကို ခူးဆွတ်‌ရောင်းချရကြောင်း ပန်းစိုက်တောင်သူ တစ်ဦးထံက သိရသည်။

      သပြေတစ်ကြိမ်စိုက်ပျိုးပီးစ အပင်ငယ်ချိန်တွင် ရေအစိုဓာတ်မပြတ် ပေးသွင်းရပြီး၊ ခူးဆွတ် ရောင်းချနိုင်ချိန်တွင်  မြေသား အစို၊ အခြောက်အနေအထားကြည့်၍ (၁၀)ရက် တစ်ကြိမ်၊ (၁၅) ရက် တစ်ကြိမ်ခန့်သာရေးပေးသွင်းရကြောင်း၊ ပိုးကျပါက ပိုးသတ်ဆေးဖျန်းပေးရကြောင်း၊ စိုက်ပျိုးပြီး (၁၀) နှစ်သားခန့်ထိ ခူးဆွတ်ရကြောင်း ၊ ၁ ဧက စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် ကျပ် ၁၀ သိန်းဝန်းကျင်ခန့်သာ ကုန်ကျကြောင်း သိရသည်။ အနိမ့်ဆုံးဝင်ငွေ တစ်လလျှင် ကျပ် ၈၀၀၀၀ ကနေ ၁၀၀၀၀၀ ဝန်းကျင်ခန့် ရရှိကြောင်း  မုံရွာမြို့နယ် ပန်းစိုက်တောင်သူတစ်ဦးထံက သိရသည်။

လက်ရှိသပြေတစ်စည်းလျှင် ကျပ် ၁၅၀ မှ ၂၀၀ နှုန်းဖြင့် စိုက်ခင်းအတွင်း လက္ကားရောင်းချ ရ၍ ပုံမှန်ဝင်ငွေရရှိကြောင်း၊ ပန်းရောင်းချသူများအနေဖြင့်လည်း မုံရွာမြို့ပေါ်ဈေးကွက်များတွင် လိုက်လံရောင်းချသောကြောင့် စိုက်ပျိုးသူများအပြင် လက်လီ‌‌ရောင်းချသူများပါ ဝင်ငွေရနေကြပါသည်။

DOCA(စစ်ကိုင်း)