ဖိလစ်ပိုင်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုကိုမြှင့်တင်ရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို တိုးမြှင့် ရန်နှင့် သန့်ရှင်းစွမ်းအင်သုံးစွဲမှုကို အထောက်အကူပြုရန်အတွက် ဒီဇယ်ဆီ၌ အုန်းဆီမှထုတ်လုပ်သည့် (Coconut Methyl Ester – CME) ဇီဝဒီဇယ်ဆီအား လက်ရှိ ၂ ရာခိုင်နှုန်းမှ တိုးမြှင့်လျက် ၃ ရာခိုင်နှုန်းအထိ ရောစပ်အသုံးပြုခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံတစ်ဝန်း၌ အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု စွမ်းအင်ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် ခရီးအကွာအဝေး ပိုမိုမောင်းနှင်နိုင်ခြင်း၊ ဆီဈေးနှုန်းမြင့်တက်မှုကိုလျော့ချခြင်း၊ ဒေသခံအုန်းစိုက်တောင်သူများကို ကူညီထောက်ပံ့ပေးနိုင်ခြင်းနှင့် သန့်ရှင်းစွမ်းအင် အသုံးပြုမှုကို တိုးမြင့်လာစေခြင်းစသည်တို့ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း အဆိုပါဌာနက စက်တင်ဘာ ၃၀ ရက်နေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
CME ဇီဝဒီဇယ်ဆီ ၁ ရာခိုင်နှုန်း တိုးမြှင့်ရာတွင် CME လီတာသန်းပေါင်း ၁၀၀ မှ ၁၂၀ အထိ ထုတ်ယူနိုင်ရန်အတွက် အုန်းသီးအရေအတွက် သန်း ၉၀၀ လိုအပ်မည်ဖြစ်ကြောင်း၊ CME ရောစပ်မှု ကို မြှင့်တင်ခြင်းကြောင့် အုန်းပင်စိုက်ပျိုးသည့် တောင်သူများ၊ ဇီဝလောင်စာထုတ်လုပ်သူများနှင့် အုန်းသီးစိုက်ပျိုးထုတ်လုပ်သည့် နယ်ပယ်ရှိ အခြားသက်ဆိုင်သူများအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်ကြောင်း ဖိလစ်ပိုင်စွမ်းအင်ဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။
CME ကို အုန်းသီးမှထုတ်ယူခြင်းဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ ဇီဝလောင်စာအဖြစ် အသုံးပြု ခြင်းဖြစ်သည်။ ဒီဇယ်ဆီ၌ CME ကို ရောနှောအသုံးပြုမှုသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပြည့်အဝ သုံးစွဲခြင်းကို မဖြစ်စေသော်လည်း ရေနံထွက်ကုန် တစ်မျိုးတည်းအပေါ် အမှီပြုနေရမှုကို လျော့ချရာတွင် အထောက်အကူပြုမည်ဖြစ်သည်။
CME ရောစပ်ထားသော ဇီဝဒီဇယ်ဆီ တစ်လီတာလျှင် ခရီးမိုင် ၁၀ ကီလိုမီတာမှ ၁၁ ကီလို မီတာခန့် မောင်းနှင်နိုင်သဖြင့် ခရီးမိုင်အနည်းငယ် ပိုမိုတိုးမြှင့်မောင်းနှင်လာနိုင်မည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်စွမ်းအင်ဦးစီးဌာန၏ ကီလိုမီတာ ၃၀၀၀၀ စမ်းသပ်မောင်းနှင်မှုတွင် CME ၅ ရာခိုင်နှုန်း ရောစပ်ထားသော ဇီဝလောင်စာသည် ခရီးမိုင်ပိုမိုမောင်းနှင်နိုင်မှု သို့မဟုတ် လောင်စာဆီ ထိရောက်စွာ သုံးစွဲနိုင်မှုကို ၁၀ ရာခိုင်နှုန်း တိုးတက်ကောင်းမွန်စေကြောင်း၊ တစ်နည်းအားဖြင့် လောင်စာဆီ နည်းနည်းဖြင့် ခရီးအကွာအဝေးများများ မောင်းနှင်နိုင်သည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။
အုန်းသီးအခြေခံ ဇီဝလောင်စာ တိုးမြှင့်သုံးစွဲခြင်းသည် CME ရောစပ်မှုကို နှစ်စဉ် ၁ ရာခိုင် နှုန်း တိုးမြှင့်လျက် ၂၀၂၆ ခုနှစ်အရောက်တွင် ၅ ရာခိုင်နှုန်းအထိ ရောစပ်အသုံးပြုမည့် နှစ်ရှည် စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဒီဇယ်ဆီ ပျမ်းမျှဈေးနှုန်း ၁ လီတာလျှင် ၅၄.၇၀ ပီဆိုအပေါ် အခြေခံတွက်ချက်ပါက CME ရောစပ်မှု ၁ ရာခိုင်နှုန်းတိုးမြှင့်လိုက်သည့်အတွက် စားသုံးသူများအနေဖြင့် ဆီတစ်လီတာလျှင် ၀.၅၀ ပီဆိုချွေတာနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ချွေတာရရှိနိုင်မည့် တန်ဖိုးသည် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကို ခုနှိမ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဖိလစ်ပိုင်စွမ်းအင်ဦးစီးဌာနက ပြောကြားထားပါသည်။
Source : The Philippine Star, September 30, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)