မန္တလေးမြို့ပေါ်ဈေးများတွင် သက်သာသောဈေးနှုန်းများဖြင့် စားအုန်းဆီများအား ရောင်းချလျက်ရှိ

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် စက်သုံးဆီနှင့် စားအုန်းဆီများကို ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်ရာ Stakeholder များနှင့် ပူးပေါင်း၍ တင်သွင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် အခါအားလျော်စွာ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

            မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ ဈေးများဖြစ်သော နန်းရှေ့ဈေး၊ ညောင်ပင်ဈေး၊ ပြည်ကျော်ဈေး၊ ဘုရားကြီးဈေးနှင့် တံခွန်တိုင်ဈေးများတွင် (၁-၄-၂၀၂၂) ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်မှစတင်ပြီး စားသုံးသူပြည်သူများသို့ စားအုန်းဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒသကြီး ဦးစီးမှူးရုံးမှ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသူများအား အပတ်စဉ်ထုတ်ပြန်ပေးသည့် လက်ကားရည်ညွှန်းဈေးအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချသွားရန် ကွင်းဆင်းစိစစ်ကြပ်မတ်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

           လာရောက်ဝယ်ယူသည့် စားသုံးသူများအား မေးမြန်းခဲ့မှုအရ လက်ရှိကာလတွင် စားအုန်းဆီ ပြင်ပပေါက်ဈေး (၁)ပိဿာလျှင် (၆၃၀၀)ကျပ်နှင့် (၆၅၀၀)ကျပ်ကြားတွင်ရှိပြီး ယခု လာရောက်ရောင်းချသည့်စားအုန်းဆီဈေးမှာ (၁)ပိဿာလျှင် (၅၉၀၀) ကျပ်နှင့် (၆၀၀၀) ကျပ်ခန့်သာရှိသည့်အတွက် ၎င်းတို့အနေဖြင့် (၁)ပိဿာလျှင် (၄၀၀/၅၀၀)ကျပ်ခန့် သက်သာကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုအပေါ် စားသုံးသူပြည်သူများမှ အဆင်ပြေလျက်ရှိပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှလည်း အခါအားလျော်စွာ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)