Google ၏ ရင်းနှီးမြှုပ်နှံမှုက မလေးရှားနိုင်ငံ၏ GDP ကို ၂၀၃၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃ဘီလီယံခန့် ထပ်တိုးစေနိုင်

Powered by Drupal

          Google က ၎င်းတို့၏ မလေးရှားတွင် ရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင် ၂၆၅၀၀ကိုဖန်တီးနိုင်ပြီး မလေးရှား၏ စီးပွားရေးကို ၂၀၃၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃ဘီလီယံ ထပ်တိုးစေနိုင်ကြောင်း ၎င်းတို့၏ Data Centre နှင့် Cloud Region စတင်တည်ဆောက်သည့် ၁-၁၀-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မလေးရှားတွင် အမေရိကန်ဒေါ်လာ ၂ဘီလီယံတန်ဖိုးရှိသည့် Google ၏ Data Centre သစ်သည် အမြင့်ဆုံးသော Cloud ဝန်ဆောင်မှုပေးနိုင်ရန်အတွက် မလေးရှားပြည်တွင်းနည်းပညာလုပ်ငန်း Dagang Nexchange Berhad နှင့် ၎င်းတို့၏ နှစ်ရှည်မိတ်ဖက်ဖွဲ့ကြောင်း ကြေညာပြီးနောက်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Google သည် အရှေ့တောင်အာရှတွင် AI နည်းပညာပံ့ပိုးပေးရန်နှင့် Cloud သုံးစွဲလိုအားကြီးထွားလာမှုကို ဖြည့်ဆည်းရန်အတွက် ထိုင်းနိုင်ငံတွင်လည်း အမေရိကန်ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံ၍ Data Centre နှင့် Cloud Region တည်ဆောက်သွားမည်ဟုသိရပါသည်။ Google ၏ဥက္ကဋ္ဌဖြစ်သူ Ruth Porat က ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတစ်လွှား Cloud နှင့် AI ဝန်ဆောင်မှုများအတွက် သုံးစွဲလိုအားကိုဖြည့်ဆည်းပေးရန် စွမ်းဆောင်ရည်မြင့်မားပြီး ယုံကြည်အားထားရသော ဝန်ဆောင်မှုများကိုပံ့ပိုးပေးနိုင်ရန် စီစဉ်ထားကြောင်းပြောကြားခဲ့ပါသည်။ ဒစ်ဂျစ်တယ်ရင်းနှီးမြှုပ်နှံမှုများသည် မလေးရှား၏စီးပွားရေးကို ယခုနှစ်တွင် တွန်းပို့ပေးခဲ့ပြီး ယခုနှစ် ပထမ ၆လတာကာလတွင် နိုင်ငံ၏ စီးပွားရေးကြီးထွားမှုသည် ဈေးကွက်ခန့်မှန်းချက်များထက် ကျော်လွန်ခဲ့ကြောင်းသိရပါသည်။ Porat က ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုသည် ရေအရည်အသွေးတိုးတက်စေရေးနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်ရေးအတွက် ၂၀၁၉ခုနှစ်ကတည်းက လေ့ကျင့်ထားသည့် မလေးရှားလူမျိုး ၃၅၅၀၀၀ကဲ့သို့သော တည်ငြိမ်မှုရှိသည့် ကနဦးစတင်မှုအသစ်များအတွက် ပံ့ပိုးပေးရန်ပါဝင်ကြောင်းပြောကြားခဲ့ပါသည်။ Google ၏ ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာ့နည်းပညာကုမ္ပဏီများက အရှေ့တောင်အာရှဈေးကွက်သို့ ကျယ်ပြန့်စွာတိုးချဲ့လာကြမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်အစောပိုင်းတွင် Microsoft က အင်ဒိုနီးရှားတွင် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံတန်ဖိုးရှိသည့် Cloud ဝန်ဆောင်မှုရင်းနှီးမြှုပ်နှံမှုကို ကြေညာခဲ့ပြီး Amazon က စင်္ကာပူတွင် အမေရိကန်ဒေါ်လာ ၉ဘီလီယံ၊ ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၅ဘီလီယံနှင့် မလေးရှားတွင် အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်းသိရပါသည်။ မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Tengku Zafrul Aziz က Data Centre များသည် AI ပါဝင်သော နည်းပညာကဏ္ဍတွင် ဒေသတွင်းဦးဆောင်သူဖြစ်လာရန် နိုင်ငံ၏ရည်မှန်းချက်များကို ပံ့ပိုးပေးနိုင်မည်ဟုပြောကြားခဲ့ပါသည်။

Source : Bankok Post

DOCA(ရန်ကုန်)