မုံရွာ၌ ကုလားပဲစိုက်တောင်သူများ ဈေးကောင်းရနေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊  မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကုလားပဲကို တောင်သူတော်တော်များက စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါတယ်၊ မြေတစ်ဧကကို မျိုးစေ့ ၂ တင်းမှ ၃ တင်းခန့်စိုက်ပျိုးကြရပြီး ကုလားပဲမျိုးစေ့များမှာ 929, V2 ,V3, V7 အများအပြားရှိသော်လည်း တောင်သူများက အထွက်ကောင်းသည့် 929, V2 မျိုးကိုသာစိုက်ပျိုးကြကြောင်း မျိုးစေ့ ၁တင်းလျှင် ကျပ်(၄၀၀၀၀) ပေးဝယ်ရကြောင်း၊ မျိုးစေ့ (၃)တင်း (၁၂၀၀၀၀) ကျပ်ပေးဝယ် ရပါကြောင်း ၊မြေတစ်ဧကကို  ယခုနှစ်တွင် နွားရှည်းများဖြင့် မထွန်ယက်တော့ပဲ ထွန်စက်ကြီးများနှင့် ထွန်ယက်ခ တစ်ဧကကို သုံးခါထွန်(၉၀၀၀၀)ကျပ်ဖြင့် ပေး၍ထွန်ယက်ကြပါကြောင်း၊ စိုက်ပျိုးပြီး ၁လကျော်လျှင် ပိုးသတ်ဆေးနှင့် မှိုသတ်ဆေး၊အားဆေးများဖျန်းပေးရပါကြောင်း၊ ကုလားပဲကို ‌အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြကြောင်း၊ မတ်လတွင် ရိတ်သိမ်းရကြောင်း၊ ရိတ်သိမ်းချိန် ရောက်လျှင် လူတစ်ဦးလျှင် တစ်နေကုန် ကျပ် (၅၀၀၀) နှုန်းဖြင့် တစ်ဧကကို ၁၀ ယောက် ငှား၍ရိတ်သိမ်းရပါကြောင်း၊ ရိတ်သိမ်းပြီး အပင်များကို စိုက်ခင်းမှ အိမ်အရောက် ထော်လာဂျီဖြင့် ငှား၍ တစ်စီးလျှင် သယ်ခ ကျပ် (၁၂၀၀၀)နှင့်၊ ရိတ်သိမ်းပြီး အပင်များကို စက်ဖြင့် ခြွေလှေ့လျှင် ၁နာရီလျှင် ကျပ်(၁) သောင်းနှုန်းပေးရကြောင်း၊ ယခင်နှစ် ရာသီကုန်ကုလားပဲ လက်ငုတ် ဈေးကောင်းမွန်ခဲ့သည့်အတွက် ယခုနှစ်တွင် ကုလားပဲစိုက်ဧက ပိုမိုများလာကြောင်း၊ ကုလားပဲများကို ဒေသခံ ပွဲရုံများသို့ ရောင်းချခြင်း၊မုံရွာမြို့ရှိ ပွဲရုံများသို့ရောင်းချခြင်း၊ သီးနှံပေါ်စတွင် ကုလားပဲ တစ်တင်း (၄၃၀၀၀)ကျပ်ဖြင့်ရောင်းချရသဖြင့် အကျိုးအမြတ် ရရှိခဲ့ကြောင်း၊ ရာသီကုန်အထိ သိုလှောင်ထားနိုင်သည့် တောင်သူများအနေနဲ့ အကျိုးအမြတ်ပိုမို ရရှိခဲ့ကြောင်း ၊ယခုပေါက်ဈေးမှာ ကုလားပဲ တစ်တင်းလျှင် ကျပ် ၄၀၀၀၀ မှ ၄၃၀၀၀ ထိရှိပါကြောင်း၊ တောင်သူများမှာ ကုလားပဲကို ၆ဧကမှ ၇ ဧကထိ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ကုလားပဲသည် ပြည်တွင်းပို့ကုန်အဖြစ် အသုံးပြုရောင်းချကြောင်း၊ ဈေးပေါ်မူတည်သော်လည်း ယခုနှစ်တွင် စိုက်ပျိုးသူများ ဈေးကောင်းရနေ၍ အမြတ်ပိုမိုရရှိနေကြောင်း၊ ကုလားပဲကို မုံရွာမြို့ရှိ ပွဲရုံများသို့ သွားရောက်ရောင်းချလျက်ရှိပါကြောင်း၊ လက်ရှိဒေသတွင်း ဈေးကွက်၌လည်း ကုလားပဲသီးနှံမှာ အခြားExport ပဲများနှင့်အတူ ဈေးမာလျှက်ရှိကြောင်း၊ လက်ရှိကုလားပဲတစ်တင်း (၄၃၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက တစ်တင်း ကျပ်(၁၀၀၀၀)ကျော် မြင့်တက်လျှက်ရှိကြောင်း၊ Export ဝယ်လက် နည်းပါး သော်လည်း ပြည်တွင်းသုံးစွဲမှုများပြီး ဈေးကွက်ဝယ်လိုအား ရှိနေသည့်အတွက် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ဒေသတွင်း ပဲခွဲစက်၊ ကြာဇံစက်၊ ပဲကြော်လုပ်ငန်းများနှင့်  မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ ပခုက္ကူ မြို့ကြီးများမှ ဝယ်ယူလျှက်ရှိကြောင်း သိရှိရပါတယ်။      

 စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုလားပဲစိုက်ဧက(၄၂၆၈၈၄) ဧကစိုက်ပျိုးခဲ့ပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင် ကုလားပဲစိုက် ဧက(၄၁၇၂၃၁) ဧကစိုက်ပျိုးကြောင်း၊ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် စိုက်ဧက(၉၆၅၃)ဧကလျော့နည်းစိုက်ပျိုးပါကြောင်း၊ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၂၅၆၅၀၀) ကျပ်ခန့် ကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၄၃၀၀၀)ကျပ်ခန့် ရရှိပါကြောင်း၊ တစ်ဧက ပျမ်းမျှ အထွက်နှုန်းအနေဖြင့် (၂၀)တင်း ခန့် ထွက်ရှိပါကြောင်း၊ တစ်ဧကဝင်ငွေအနေဖြင့် (၈၆၀၀၀၀)ကျပ်ခန့်ရရှိသဖြင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် (၆၀၃၅၀၀)ကျပ်ခန့် ရရှိသဖြင့် တောင်သူများအတွက် တွက်ချေကိုက်သည့် သီးနှံဖြစ်ကြောင်း၊ ချောင်းဦးမြို့နယ်ရှိ ကြောင်ဝပ်ကြီး ကျေးရွာနှင့် ကြက်သွန်ဈေး ကျေးရွာများရှိ တောင်သူများထံမှ သိရှိရသည်။

     ပြည်တွင်းသုံးကုလားပဲများနှင့် အခြားပဲမျိုးစုံဈေးကွက် ယခင်ပတ်တွင် ဈေးနှုန်း အနည်းငယ်ကျဆင်းမှု ဖြစ်သော်ခဲ့သော်လည်း ယခုမတ်လတတိယပတ်တွင် ဈေးပြန်လည်မြင့်တက်လာတာကြောင့်  အမြင့်ဈေးဖြင့် ရောင်းအဝယ်သွက်နေကြောင်း ပဲသစ်ရာသီဖြစ်သည့်အတွက် ပဲအဝင် အကောင်းဆုံးအချိန်ဖြစ်ပေါ်နေသည့် ဈေးကွက်ဖြစ်ကြောင်း ကုလားပဲနှင့် အခြားပဲမျိုးစုံဈေးများလည်း ဆက်လက်မြင့်တက်နိုင်ကြောင်း ပဲကုန်သည်များထံမှ သိရှိရပါတယ်။

      ယခုနှစ် ကုလားပဲစိုက်တောင်သူများအတွက်ကတော့ သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည့်အတွက် ယခင်နှစ်ကထက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်မားခဲ့သော်လည်း အောင်မြင်ဖြစ်ထွန်းသဖြင့် ကုလားပဲစိုက်တောင်သူဦးကြီးများသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက  အရင်းအနှီးနည်း၍ ဝင်ငွေကောင်းသော ဝယ်သူလည်းတန်း ရောင်းသူလည်း ကျန်သည့် မိမိ၏ ကုလားပဲစိုက်ခင်းများအား ပီတိ‌ဖြာ ကြည့်ရှု့ငေးမောရင်း မြေကြီးမှ ရွှေသီးနေသည့် အခင်းကို မျှော်ကြည့်ရင်း လာမည့်နှစ်တွင် ကုလား ပဲစိုက်တောင်သူများ ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း  ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာဖွယ်ရှိကြောင်း သုံးသပ်တင်ပြရ လိုက်ရပါတော့သည်။

DOCA(စစ်ကိုင်း)