ဈေးကွက်ဝယ်လိုအားရှိနေတဲ့ မုံရွာပဲနီကြားဈေးကွက် အရောင်းအဝယ်သွက်နေ

Powered by Drupal

             ချင်းတွင်းမြစ်ရိုးမြေနုကျွန်းများနှင့် ရေဝင်အင်းများတွင် အောက်တိုဘာ၊ နိုဝင်ဘာလများက စိုက်ပျိုးခဲ့သည့် ပဲနီကြား( မလွမ်းပို) များ ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ စတင်ထွက်ပေါ်လျှက်ရှိရာ ယခုမတ်လအတွင်း၌ လှိုင်လှိုင်ပေါ်ထွက်လျှက်ရှိကြောင်း သိရှိရပါသည်။ မုံရွာဈေးကွက်အတွင်း၌ လည်း မုံရွာ၊ ချောင်းဦး၊ ကနီ၊ ဆားလင်းကြီးနှင့် မြောင်မြို့နယ်များမှ ထွက်ရှိသည့် ပဲနီကြား (မလွမ်းပို) များ နေ့စဉ်အဝင်များလျှက်ရှိကြောင်း သိရှိရသည်။

           ယခင်ဆယ်စုနှစ်ကာလများက ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မြေနုကျွန်းများတွင် မြေပဲသီးနှံကို အဓိကထားစိုက်ပျိုးကြခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ရာသီဥတိပြောင်းလဲမှုကြောင့် ချင်းတွင်းမြစ်ရေဝင်ရောက်မှုနည်းခြင်း၊ မြေပဲတစ်ဧကစိုက်ပျိုးစရိတ်မြင့်မားပြီး အထွက်နှုန်းကျဆင်း လာခြင်း၊ မြေပဲမျိုးဝယ်ချိန် အမြတ်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရပြီး တောင်သူလက်ဝယ်မြေပဲပေါ်ချိန် ဈေးမရရှိခြင်းများကြောင့် တောင်သူများအရှုံးပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခုနောက်ပိုင်းတွင် တောင်သူအများစုမှာ မြေပဲသီးနှံအစား စိုက်ပျိုးစရိတ်သက်သာပြီး အထွက်နှုန်းလည်းကောင်း၊ ဈေးကောင်းရနေသည့် ပဲနီကြား (မလွမ်းပို) ကိုပြောင်းလဲစိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။

           ယခုလတွင်းမုံရွာကုန်စည်ဒိုင်ဈေးကွက်သို့ ပဲနီကြား (မလွမ်းပို) နယ်အဝင်လှိုင်လျှက်ရှိပြီး အဝင်ရှိသလောက်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ တစ်ရက် အိတ် (၅၀၀ မှ ၇၀၀) ကြား အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပဲကြော်ဖိုလုပ်ငန်းများမှ ဝယ်ယူစုဆောင်းမှုများရှိနေကြောင်း၊ မန္တလေး နှင့် ပခုက္ကူမြို့ကြီးများမှလည်း ဝယ်ယူလျှက်ရှိသည့်အတွက် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း၊ ယခုမတ်လအတွင်း ပဲနီကြားတစ်တင်း အနိမ့်ဈေး (၄၁၅၀၀) ကျပ်နှင့် အမြင့်ဈေး (၄၆၀၀၀) ကျပ် ပေါက်ဈေးများဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်ကာလတူဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်တင်း (၁၅၀၀၀) ကျပ်ခန့် မြင့်တက်ခဲ့ကြောင်း ပဲကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)