ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံမြေပဲများ တိုးချဲ့စိုက်ပျိုးကြပါစို့

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာ နှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်မြင့်မြင့်သန်းသည်(၂.၄.၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆိပ်ဖြူမြို့ပေါ်ရှိ ဆောင်းသီးနှံ မြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှုနှင့်ရောင်းချ ဖြန့်ဖြူးမှု အခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်၍ စိုက်ပျိုးရေးထွန်းကားရာနိုင်ငံဖြစ်ပြီး ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါစသည်တို့ကိုလည်း စိုက်ပျိုးကြောင်း၊ ပြည်တွင်း စိုက်ပျိုးရေးအနေဖြင့် နေ့စဉ်ချက်ပြုတ်စားသုံးသော စားသုံးဆီအတွက် မိမိတို့ ပြည်တွင်း ၌စိုက်ပျိုးထုတ်လုပ်သော မြေပဲ၊ နှမ်း၊ နေကြာဆီများမှာ လုံလောက်မှုမရှိသည့်အတွက် စားသုံးမှုလိုအပ်ချက်အရ ပြည်ပမှတင်သွင်း၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနေရပါသောကြောင့် ဆီထွက်သီးနှံကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကထား၍ စိုက်ပျိုးကြပြီး အခြားတိုင်း/ပြည်နယ်များတွင်လည်း စိုက်ပျိုးကြကြောင်းသိရှိရပါသည်။

          ဆိပ်ဖြူမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းတွင် တည်ရှိပြီး စိုက်ပျိုးရေးအနေဖြင့် နှစ်စဉ်ကြက်သွန်နီ(ဆောင်းစိုက်ပင်စိုက်)ကို စိုက်ဧကအများဆုံး စိုက်ပျိုးခဲ့ကြသော်လည်း ယခင်(၂)နှစ်ခန့်က အရှုံးပေါ်မှုများ၍ ယခုနှစ်တွင် ကြက်သွန်နီအစား ဆီထွက်သီးနှံမြေပဲ၊ ကုလားပဲနှင့် အခြားသီးနှံများကို နှစ်စဉ်ထက် ပြောင်းလဲတိုးချဲ့စိုက်ပျိုးခဲ့ကြကြောင်း၊ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ဆောင်းစိုက်ဆီထွက်သီးနှံကိုင်းကျွန်းမြေပဲကို စိုက်ဧက (၃၀၀၀)ခန့် စိုက်ပျိုးထားရှိပါကြောင်း၊ ကုန်း/ယာမြေစိုက်(မိုး)မြေပဲကို ဧက(၁၀၀)ခန့် စိုက်ပျိုးပါကြောင်း၊ စိုက်ပျိုးချိန်တွင် ရာသီဥတုအနေအထားကောင်းမွန်မှုမရှိခြင်းကြောင့် မြေပဲအထွက်နှုန်းနည်းပြီး အရှုံးပေါ်မှုများ၍  (မိုး)စိုက်ဧကနည်းပါးကြောင်း၊ ယခင်နှစ်ကကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ မျိုးဥများရရှိရန်အတွက် ကြက်သွန်နီမျိုးစေ့ပက်၍ စိုက်ပျိုးသော စိုက်ခင်းများခဲ့သော်လည်း ယခုနှစ် ကိုင်းကျွန်းမြေနုများတွင် မြေပဲများ စိုက်ပျိုးမှုများကြောင်း သိရှိရပါသည်။

          ကိုင်းကျွန်းမြေပဲစိုက်တောင်သူ ဒေါ်သီတာမှ ယခုနှစ်တွင်(၂)ဧကခန့်ကို ဧရာဝတီမြစ်ရိုး တစ်လျှောက် ကိုင်းကျွန်းမြေနုသဲနုန်းမြေများတွင် စိုက်ပျိုးထားရှိကြောင်း၊  စိုက်ပျိုးရန်မျိုးစေ့ကို မိမိစိုက်ခင်းထွက် မြေပဲမျိုးကို ပြန်လည်စိုက်ပျိုးခြင်း မရှိဘဲ ချောက်မြို့ပဲမျိုးစုံရောင်းဝယ်ရေး (အေဝမ်း)ပွဲရုံမှ ဝါဆိုလမိုးစိုက် မြေပဲဆံ(အသစ်) အလုံးကြီး မျိုးကို တစ်တင်းလျှင် (၅၃၀၀၀)ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကြောင်း၊ ကိုင်းကျွန်းမြေပဲကို တန်ဆောင်းမုန်းလတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင်တူးဖော်ကြောင်း၊ စိုက်ပင်သက်တမ်း ကာလမှာ (၄)လခန့်ကြာမြင့်ကြောင်း၊ ကိုင်းကျွန်းသဲနုန်းမြေနုများတွင် စိုက်ပျိုး၍ မြေပဲများ အသေး/ အပယ်နည်းပြီး အဆံအောင်အောင် မြင်မြင် ထွက်ရှိစေရေးအတွက် တူးဖော်ချိန် နောက်ကျ ကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် မျိုးမြေပဲဆံ(၁)တင်း(၈)ပြည်ခန့်ကုန်ကျ၍ (၂)ဧကအတွက် အဆံ(၃)တင်း ကုန်ကျကြောင်း၊ မြေပဲစိုက်ပျိုးရာတွင် မျိုးမြေပဲဆံအလုံး (အကြီး/အသေး) ပေါ်မူတည်၍ မျိုးစေ့ကုန်ကျမှုမှာ မတူညီကြောင်း၊ မြေပဲခင်းထဲတွင် စားတော်ပဲ၊ ပြောင်းဖူးများကိုလည်း သီးညှပ်အဖြစ် စိုက်ပျိုးကြောင်းသိရှိရပါသည်။  

          ယခုနှစ် ဆောင်းစိုက်မြေပဲအထွက်နှုန်းအနေဖြင့် အောက်တိုဘာလတွင် မိုးရွာသွင်းမှုများပြား ခြင်းကြောင့် မြေအစိုဓါတ်များခြင်း၊ မြစ်ရေကျချိန်တွင် စိုက်ခင်းအတွင်း၌ သဲနုန်းမြေတင်မှုများခြင်း၊ စိုက်ပျိုးရာတွင် အစိုဓါတ်သင့်တင့်မျှတကောင်းမွန်၍ အပင်ပေါက်စုံလင်ခြင်း၊ ဖျက်ပိုးကျရောက်မှု နည်းပါးခြင်းတို့ကြောင့် (၁)ဧကစိုက်ပျိုးလျှင် မြေပဲတင်း(၆၀)ခန့်ထွက်ရှိကြောင်း၊ (၂)ဧကစိုက်ပျိုး ထားရှိ၍ မြေပဲတင်း (၁၂၀)ခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်စိုက်ပျိုးခဲ့ရာတွင် ရာသီဥတုအနေအထား ကောင်းမွန်မှုနည်းခြင်းကြောင့် (၁)ဧကအထွက်နှုန်းမှာတင်း(၄၀)ခန့်သာ ထွက်ရှိခဲ့ကြောင်း၊ မြေပဲ တောင့်(၁)တင်းလျှင် အတောင့်ဆွတ်ခ(၁၅၀၀)ကျပ်ဖြင့် ငှားရမ်းရကြောင်း၊ မြေပဲတင်း(၁၂၀) ထွက်ရှိ၍ အလုပ်သမားငှားရမ်းခ(၁)သိန်း(၈)သောင်းခန့် ကုန်ကျပါကြောင်း၊ မိသားစုဝင်များ ပူးပေါင်းလုပ်ကိုင်နိုင်ခြင်းနည်းပါး၍ အလုပ်သမားငှားရမ်းရသဖြင့် ကုန်ကျစရိတ်များပြားကြောင်း သိရှိရပါသည်။

          ရောင်းချဖြန့်ဖြူးမှုအနေဖြင့် မိသားစုစားသုံးပြီး ပိုလျှံသောမြေပဲများကို ပြန်လည်ရောင်းချရာတွင် အတောင့်လိုက်ရောင်းချခြင်းမရှိဘဲ မြို့ပေါ်ရှိမြေပဲခွဲစက်တွင် ခွဲခအနေဖြင့် တစ်တင်းလျှင် (၅၀၀)ကျပ်ပေးရကြောင်း၊ ထွက်ရှိသောမြေပဲမှာအောင်မြင်၍ အဆံအထွက်နှုန်းကောင်းကြောင်း၊ တစ်တင်းလျှင်(၅)ပြည်ခန့်ထွက်ရှိပြီး၊ မြေပဲအတောင့်တင်း(၁၂၀)ကြိတ်၍ မြေပဲဆံ(၃၈)တင်းခန့် ထွက်ရှိကြောင်း၊ အဆံ(၁)ပြည်လျှင် ရောင်းဈေးနှုန်းမှာ ယခင်နှစ်(၃၀၀၀/၃၂၀၀)ကျပ်၊ ယခုနှစ် (၃၉၀၀/၄၀၀၀)ကျပ်ဖြင့် အရာင်းအဝယ်ဖြစ်ခဲ့ပြီး မြေပဲဆံရောင်းချမှုအပြင် မြေပဲဆီသန့်ကိုလည်း ဆုံဖြင့်ကြိတ်၍ ရောင်းချပါကြောင်း၊ မြေပဲ(၅)ပြည်ဆံ့ တစ်စုံကြိတ်လျှင် မြေပဲဆံအပေါ် မူတည်၍ အထွက်နှုန်းမတူကြောင်း၊ မြေပဲဆံ(၁)ပြည်ကြိတ်လျှင်(၄၀)ကျပ်သားခန့်၊ (၅)ပြည်ကြိတ်လျှင် (၂)ပိဿာခန့်၊ မြေပဲဖတ်(၃)ပိဿာခန့်ထွက်ရှိကြောင်း၊ အဆံ(၁)တင်းကြိတ်လျှင် မြေပဲဆီသန့် (၆)ပိဿာခန့်ထွက်ရှိပြီး မြေပဲဖတ်(၁၀)ပိဿာခန့် ထွက်ရှိကြောင်း၊ ဆောင်းစိုက်ကိုင်းကျွန်း မြေပဲ (၁)ဧက စိုက်ပျိုးလျှင် မြေပဲဆီသန့် ပိဿာ (၁၀၀) ကျော်ခန့် ထွက်ရှိပြီး မြေပဲဆီအထွက်နှုန်းမှာ မြေပဲဆံအရည်အသွေးကိုလိုက်၍ မတူညီကြောင်း သိရှိရပါသည်။ ပြန်လည်ရောင်းချဖြန့်ဖြူးမှု အနေဖြင့် ဆိပ်ဖြူမြို့ပေါ်ရှိ မြေပဲဆံကို ဆီစက်/ဆုံဆီ လုပ်ငန်းရှင်များ၊ မြေပဲဆား လှော်/ပဲကြော်လုပ်ငန်းရှင်များသို့ရောင်းချကြောင်း၊ မြေပဲဆီသန့်ကို သီးသန့်မှာယူစားသုံးသောသူများကို (၁) ပိဿာလျှင် (၁)သောင်းကျပ်ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ မြေပဲဖတ်(၁)ပိဿာကို (၁၅၀၀) ကျပ် ဖြင့်ရောင်းချရကြောင်း၊ မြေပဲဆီ ထုတ်လုပ်ရောင်းချမှုမှာ နည်းပါးပြီး မြေပဲအဆံကိုသာ အဓိကထား ရောင်းချကြောင်း၊ မြေပဲတောင့် (အခြောက်)(၁)တင်းလျှင် ယခင်နှစ် (၁၂၀၀၀)ကျပ်၊ ယခုနှစ် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းဈေးနှုန်းရှိသော်လည်း မြေပဲအတောင့်ရောင်းချသည့် တောင်သူနည်းပါး ကြောင်းသိရှိရပါသည်။

          ကိုင်းကျွန်းမြေပဲ(၂)ဧကစိုက်ပျိုးမှု စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် (၇)သိန်းခန့်ကုန်ကျ ကြောင်း၊ ဝင်ငွေမှာ ကျပ် (၂၄) သိန်းခန့် ရရှိ၍ (၁၇)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခင်နှစ် ထက် အထွက်နှုန်းကောင်းပြီး ဈေးနှုန်းဈေးကွက်မှာလည်း ကောင်းမွန်ခြင်းဖြစ်၍ သိသိသာသာ အကျိုးအမြတ် ပိုမိုရရှိကြောင်း ပြောကြားချက်အရသိရှိရပါသည်။

          ဆီထွက်သီးနှံမြေပဲ စိုက်ပျိုးခြင်းသည် မြေပဲအတောင့်မှတစ်ဆင့် မြေပဲဆံ၊ မြေပဲဆီ၊ မြေပဲ ဖတ်များရရှိပြီး ဆီထုတ်လုပ်မှုတွင် မြေပဲဆီသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်၍ မြန်မာတို့၏ မီးဖို ချောင်တွင် အခြေခံစားကုန်တစ်မျိုးအဖြစ် နေ့စဉ်သုံးစွဲခြင်းနှင့် ဟင်းချက်၍စားခြင်း၊ ကြော်၍ စားခြင်း၊ လက်ဖက်၊ အသားခြောက်၊ ငါးခြောက်မျိုးစုံကင်၍ ဆီစိမ်စားခြင်း၊ အသုပ်မျိုးစုံ သုပ်၍ စားခြင်း၊ မြန်မာ့ရိုးရာအစားအစာမုန့်မျိုးစုံ ဆီဆမ်းစားခြင်းစသည့် အမျိုးမျိုးသုံးစွဲကြပြီး၊ လူတို့ စားသုံးရန်ဆီသာမက ဆီကြိတ်ရာမှရရှိသော ပဲဖတ်များကို စိုက်ပျိုးရေး သွင်းအားစုများအဖြစ် ပဲဖတ်ကို အမှုန့်ကြိတ်၍ သုံးစွဲနိုင်သည့်အပြင် ပြည်ပမှ တိရိစ္ဆာန်အစာ တင်သွင်းမှုကိုလည်း လျှော့ချနိုင်ပြီး ပြည်တွင်းရှိ (SME) လုပ်ငန်းများလည်း ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ ထို့ပြင်ပြည်တွင်း၌ စားသုံးသူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့်ကို ပိုမိုသုံးစွဲလာနိုင်သည့် အခွင့် အလမ်းများရရှိကာ ကျန်းမာရေးထိခိုက်မှု လျော့နည်းလာနိုင်ပြီး ပြည်ပနိုင်ငံမှစားသုံးဆီတင်သွင်းမှုကိုလည်းလျှော့ချ၍ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံမြေပဲကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)