စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ပြည်တွင်းစီးပွားရေးနှိုးဆွမှုအစီအမံသစ်များဖော်ဆောင်ကြရန်ဂျပန်ဝန်ကြီးချုပ်တိုက်တွန်း

          ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားမှု၏ နောက်ဆက်တွဲအဖြစ် ဂျပန်နိုင်ငံ၌ စွမ်းအင်၊ကုန်စည်နှင့် နှံစားသီးနှံဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရှိအိမ်ထောင်စုများအပေါ်  အကျပ်အတည်း သက်ရောက်မှုလျော့ပါးစေရန် စီးပွားရေးနှိုးဆွမှုအစီအမံများကို ဧပြီလနှောင်းပိုင်းမှစတင်ကာ ဆောင် ရွက်သွားကြရန် ဝန်ကြီးများက တိုက်တွန်းပြောကြားခဲ့ကြောင်း၊အဆိုပါအစီအမံများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါသက်ရောက်မှုမှ နိုင်ငံ၏စီးပွားရေးပြန်လည်နာလန်ထူစေရန်ရည်မှန်းထားသည့်အပြင် ရေနံစိမ်းဈေးနှုန်းများမြင့်မားလာမှုအပေါ် သက်ရောက်မှုလျော့ပါးစေရန်၊ပင်မစားသောက်ကုန်များ ပံ့ပိုး‌ပေးရန်၊အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေထောက်ပံ့ပေးရန်နှင့် ဝင်ငွေနည်းပါးပြီး ပံ့ပိုးမှုလိုအပ်သူများအားပံ့ပိုးကူညီမှုဆောင်ရွက်ရန် စသည့်လုပ်ငန်းစဉ် (၄)ရပ်အပေါ် အဓိကထား‌ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်းပြောကြားခဲ့ကြောင်း၊စွမ်းအင်နှင့်နှံစားသီးနှံဈေးနှုန်းများ မြင့်တက်လာခြင်းသည် မကြာသေးမီရက်ပိုင်းအတွင်းက ပြည်တွင်းတစ်စိတ်တစ်ပိုင်း အရေးပေါ် ကြေငြာချက်ရုတ်သိမ်းထားသည့် ဂျပန်နိုင်ငံ၏စီးပွားရေးအပေါ် သက်ရောက်လာစေကြောင်း၊၂၀၂၂ ဘဏ္ဍာနှစ်အတွက် စီးပွားရေးပံ့ပိုးမှုအစီအမံများဆောင်ရွက်ရန်အတွက် စံချိန်တင် ဘတ်ဂျတ်အဖြစ် ယန်း (၁၀၇.၆၀) ထရီလီယံ(အမေရိကန်ဒေါ်လာ(၈၈၁) ဘီလီယံ)ကို လတ်တလောအတည်ပြုခဲ့ ကြောင်း၊၂၀၂၂ ခုနှစ်အတွင်း ဘဏ္ဍာရေးကဏ္ဍနှိုးဆွမှုအစီအမံများအဖြစ်  ကူးစက်ရောဂါတိုက်ဖျက်ရေး အတွက် ဘတ်ဂျတ် ယန်း ၅ ထရီလီယံ၊ အခြားသောအ‌‌ရေးပေါ်အသုံးစရိတ်များအတွက် အရန်ရန်ပုံငွေ ယန်း ၅၀၀ ဘီလီယံတို့ကိုလျာထားသည်ဟု ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း၊ ပထမဉီးစားပေး အနေဖြင့် အသုံးစရိတ်သုံးစွဲမည့်အစီအစဉ်ကိုအလျင်အမြန်တင်ပြကြရန်နှင့် စီးပွားရေးနှိုးဆွမှုအစီအမံ များအတွက် အရန်ရန်ပုံငွေများကိုအသုံးပြုကြရန် ဝန်ကြီးချုပ်က မတ်လနောက်ဆုံးအပတ်တွင် ပြော ကြားခဲ့ကြောင်း၊ဂျပန်ပြည်တွင်း၌ ကုန်ဈေးနှုန်းများမြင့်မားလာခြင်းအပြင် အခြားရင်ဆိုင်နေရသည့် ပြဿနာ တစ်ရပ်မှာအမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ယန်းငွေတန်ဖိုးကျဆင်းလာမှုကြောင့် သွင်း ကုန်အတွက် ကုန်ကျစရိတ်များမြင့်တက်လာပြီး သယံဇာတရှားပါးသည့်ဂျပန်နိုင်ငံအတွက် ခေါင်းခဲစရာ ကိစ္စတစ်ခုဖြစ်လာသော်လည်း အားသာချက်အဖြစ် ပြည်ပသို့ပို့ကုန်များတင်ပို့သည့် လုပ်ငန်းရှင်များ အတွက်  အမြတ်ငွေတိုးပွားသည့်အကျိုးကျေးဇူးရရှိစေကြောင်း၊ ဝန်ကြီးချုပ်က ဧပြီလကုန်ထိ ဓါတ်ဆီ လက်လီ ဈေးနှုန်းများလျှော့ချရန်အတွက် ဓါတ်ဆီလက်ကားရောင်းချသူများကို တစ်လကြာ ထောက်ပံ့ ကြေးများ တိုးမြှင့်ပေးမည်ဟုကြော်ငြာခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-တိုကျိုမြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)

ဘယ်လ်ဂျီယံ စူပါမားကတ်များ၌ ဆီ၊ဂျုံမှုန့် စသည်များကို အရေအတွက်ကန့်သတ်ရောင်းချနေ

          ဘယ်လ်ဂျီယံနိုင်ငံရှိ စူပါမားကတ်ကြီးများတွင် ဆီ၊ ဂျုံမှုန့် စသည့်ထုတ်ကုန်များအား အရေ အတွက်ကန့်သတ်၍ ရောင်းချလာကြရာ  Aldi စူပါမားကတ်က ဆီနှင့်ဂျုံမှုန့်တို့ကို ဈေးဝယ်သူတစ်ဉီး လျှင် အရေအတွက်(၃)ခုအထိသာဝယ်ယူရန်၊ Colruyt စူပါမားကတ်၌ ဈေးဝယ်သူတစ်ဉီးလျှင် ဆီ (၂) ပုလင်းနှင့် ဂျုံမှုန့်(၂)ထုပ်အထိသာဝယ်ယူရန်သတ်မှတ်ထားကြောင်း၊ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့သည်  ဂျုံနှင့်နေကြာဆီတို့ကို အများဆုံးထုတ်လုပ်သည့် ကမ္ဘာ့နိုင်ငံများတွင်ပါဝင်ပြီး လက်ရှိတွင် ၎င်းထုတ် ကုန်များ ပြတ်လပ်မှုမရှိသေးသော်လည်း ရုရှားနှင့်ယူကရိန်းပဋိပက္ခအပေါ် စိုးရိမ်စိတ်ဖြင့် စားသုံးသူ များက ပိုမိုဝယ်ယူစုဆောင်းလာကြခြင်းကြောင့် ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နိုင်သည်ဟု နိုင်ငံတွင်းရှိ စူပါ မားကတ်များကပြောကြားကြောင်း၊ ထုတ်လုပ်သူများအနေဖြင့် ဝယ်လိုအားကိုပြည့်မီအောင်ထုတ် လုပ်နိုင်သော်လည်း ထောက်ပံ့ပို့ဆောင်ရေးပိုင်းပြဿနာကို ကြုံတွေ့နေရသဖြင့် ထုတ်ကုန်များသည် ၎င်းတို့၏စတိုးဆိုင်များသို့ မြန်မြန်ဆန်ဆန်ရောက်ရှိနိုင်မည်မဟုတ်ဟု Aldi စူပါမားကတ်ကဆိုကြောင်း၊ ဘယ်လ်ဂျီယံရှိ စူပါမားကတ်များအနေဖြင့် ၎င်းကုန်စည်များရောင်းချရမှု အမြင့်ဆုံးသို့ရောက်ရှိလာသည် ကို သတိပြုလာကြကြောင်း၊ ယူကရိန်းနှင့်ရုရှားတို့သည် ဂျုံနှင့်နေကြာဆီတို့ကို အများအပြားထုတ်လုပ် သည့်နိုင်ငံများဖြစ်ရာ လက်ရှိဖြစ်ပေါ်နေသည့်ပဋိပက္ခနှင့် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ကြောင့် ၎င်းကုန်စည်ဈေးနှုန်း မြင့်တက်လာနိုင်သည်ဟုမျှော်မှန်းထားကြောင်း၊ ဘယ်လ်ဂျီယံရှိ စူပါမား ကတ်များသည် ဂျုံဈေးနှုန်းမြင့်လာမှု၏အကျိုးဆက်အဖြစ် ပေါင်မုန့်ဈေးနှုန်းများ မြင့်တက်လာမှုနှင့် ပစ္စည်းပြတ်လပ်မည်ကိုစိုးရိမ်နေခဲ့ကြပြီးဖြစ်ရာ ဂျုံမှုန့်နှင့်ဆီကဲ့သို့သော အခြားကုန်ကြမ်းပစ္စည်းများ ပြတ်လပ်ခြင်းမရှိစေရန် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စတိုးဆိုင်တစ်ဆိုင်ချင်းစီတွင် ကုန် ပစ္စည်းများဝယ်ယူမှုအခြေအနေကိုသုံးသပ်လျှက်ရှိပြီး မည်သည့်ကုန်ပစ္စည်းများအပေါ် ကန့်သတ်ရောင်း ချမှုများပြုလုပ်မည်ကို သက်ဆိုင်ရာစတိုးဆိုင်အပေါ်မူတည်၍ဆုံးဖြတ်သွားနိုင်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)

Airplane Boarding Tax ‌ကောက်ခံမှု စတင်အသက်ဝင်တော့မည်

          ခရီးတိုပျံသန်းသည့်လေယာဉ်များဖြင့် ခရီးသွားလာခြင်းထက် ရထား စသည်တို့ဖြင့် ခရီးသွား လာခြင်းကို တွန်းအားပေးဆောင်ရွက်နိုင်ရန် ဘယ်လ်ဂျီယံနိုင်ငံ၌ လေကြောင်းဖြင့် ခရီးသွားမည့်သူများ အတွက် အခွန်သစ်အဖြစ် Airplane Boarding Tax ‌ကောက်ခံမှုကို ၁-၄-၂၀၂၂ ရက်နေ့တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း၊ အဆိုပါအခွန်သည် ဘယ်လ်ဂျီယံနိုင်ငံအတွင်းရှိ လေဆိပ်များအားလုံး အတွက်အကျုံးဝင်မည်ဖြစ်ပြီး (၅၀၀)ကီလိုမီတာအကွာအဝေးထက်မကျော်လွန်သောခရီးလမ်းကြောင်း များကို လေကြောင်းဖြင့်သွားလာမည့်ခရီးသည်များသည်  အခွန်(၁၀)ယူရိုကို ပေးဆောင်ရမည်ဖြစ် ကြောင်း၊ဥရောပစီးပွားရေးနယ်မြေအတွင်းရှိယူနိုက်တက်ကင်းဒမ်း(သို့)ဆွစ်ဇာလန်နိုင်ငံတို့သို့လေယာဉ် ဖြင့် ခရီးသွားသူများသည်(၂)ယူရိုကို အခွန်အဖြစ်ပေးဆောင်ရမည်ဟုဆိုကြောင်း၊ဥရောပနိုင်ငံများ ပြင်ပရှိ  ကီလိုမီတာ(၅၀၀)ထက်ပို၍ဝေးကွာသောနေရာဒေသများသို့ လမ်းကြောင်းရှည်ပျံသန်းသည့်‌ လေယာဉ်များဖြင့် စီးနင်းလိုက်ပါသည့်ခရီးသည်များအနေဖြင့် လေယာဉ်တစ်ကြိမ် စီးနင်းမှုအတွက်  (၄)ယူရို အခွန်ကျသင့်မည်ဖြစ်ကြောင်း၊  Air Belgium ၊ Air Brussels နှင့် TUI တို့က ထိုသို့ အခွန်သစ် ကောက်ခံမည့်ကိစ္စအပေါ် မလိုလားမှုကိုပြသကြပြီး အထူးသဖြင့် လေကြောင်းခရီးသွားကဏ္ဍအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်မှ ပြန်လည်နာလန်ထူလာစေရေးကြိုးပမ်းနေရသည့်အချိန်တွင်  အခွန်သစ်ကောက်ခံမှုသည် ကြိုဆိုဖွယ်မဟုတ်ဟုဖော်ပြထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)

စူပါမားကတ်များ၌ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေးလုပ်ငန်းအဖွဲ့တစ်ရပ်ဖွဲ့စည်း

          ရုရှား-ယူကရိန်းပဋိပက္ခ၏ သက်ရောက်မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံရှိ စူပါမားကတ်များ၌ ကုန်ပစ္စည်းပြတ်လပ်မှုမဖြစ်ပေါ်စေရေးဆောင်ရွက်ရန် လယ်ယာထွက်စားသောက်ကုန်ဆိုင်ရာလုပ်ငန်း အဖွဲ့အား ဘယ်လ်ဂျီယံဖက်ဒရယ်အစိုးရက ဖွဲ့စည်းထားကြောင်း၊ အဆိုပါလုပ်ငန်းအဖွဲ့တွင် ဘယ်လ် ဂျီယံနိုင်ငံ၏ စီးပွားရေးဆိုင်ရာဝန်ကြီး၊ စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ State Secretary ဖြစ်သူတို့ပါဝင်ရာ ၎င်းတို့က စိုက်ပျိုးရေးအသင်းအဖွဲ့များ၊စားသောက်ကုန်နှင့် ကုန် သွယ်ရေးဆိုင်ရာအသင်းချုပ်များနှင့်ပူးပေါင်း၍ စားသောက်ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် ဖြစ်ပေါ် လာနိုင်သည့်ပြဿနာများဖြေရှင်းခြင်း၊ လုပ်ငန်းအစီအမံများရေးဆွဲခြင်းတို့ကို‌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စားသောက်ကုန်လုပ်ငန်းကဏ္ဍ၌ ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်လာနိုင်ခြင်းမှ စားသုံးသူ များနှင့်ကုမ္ပဏီလုပ်ငန်းများအားကာကွယ်ပေးရန် အလွန်အ‌ရေးကြီးသည်ဟု စားသုံးသူကာကွယ်ရေး ဆိုင်ရာ State Secretary ကပြောကြားခဲ့ကြောင်း၊ အသစ်ဖွဲ့စည်းထားသည့်လုပ်ငန်းအဖွဲ့အနေဖြင့် အဆိုပါလုပ်ငန်းများအတွက် ဖြစ်နိုင်ဖွယ်ဖြေရှင်းနည်းအဖြစ် ကုန်ပစ္စည်းထုတ်လုပ်ရာတွင်အသုံးပြုသည့် ပါဝင်ပစ္စည်းများကို အစားထိုးအသုံးပြုရေးနည်း လမ်းကို အကြံပြုနိုင်သော်လည်း ဘယ်လ်ဂျီယံနိုင်ငံနှင့် အီးယူတို့၏စားသောက်ကုန်တံဆိပ် ဖော်ပြ ခြင်းဆိုင်ရာ တင်းကျပ်သောစည်းမျဉ်းများရှိနေကြောင်း၊ ထို့အပြင် စားသောက်ကုန်တံဆိပ်များအား ကြိုတင်၍ရိုက်နှိပ်ထားခြင်းဖြစ်ရာ ကုမ္ပဏီလုပ်ငန်းအနေဖြင့် တံဆိပ်ကပ်ဖော်ပြခြင်းကို ရုတ်တရက် ပြောင်းလဲရန်မလွယ်ကူကြောင်း၊ ကုန်ကြမ်းပစ္စည်းရှားပါးမှု အခက်အခဲကို ဖြေရှင်းနိုင်ရေးနည်းလမ်းအဖြစ်  ပါဝင်ပစ္စည်းများကို ပြောင်းလဲအသုံးပြုနိုင်သော်လည်း  ထိုသို့ဆောင်ရွက်မည်ဆိုလျှင် အချို့သောထုတ်ကုန်များအတွက်  တံဆိပ်ကပ်ဖော်ပြမှုကို အမြဲတမ်း အားဖြင့် ပြောင်းလဲဖော်ပြရန်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့်စည်းမျဉ်းသတ်မှတ်ချက်များအား ပြောင်း လွယ်ပြင်လွယ်ဆောင်ရွက်ပေးရန်နှင့် အရေးပါသောဖော်ပြချက်ဖြစ်သည့် ဓါတ်မတည့်မှုဖြစ်စေနိုင်သည့် ပစ္စည်းပါဝင်ခြင်း ရှိ/မရှိကိုသာ အလေးထားဆောင်ရွက်ပေးရန် စားသောက်ကုန်ဘေးကင်းလုံခြုံမှု ထိန်း ချုပ်ရေး သက်ဆိုင်ရာအာဏာပိုင်များကိုတောင်းဆိုထားသည်ဟု State Secretary ကပင်ပြောကြား ခဲ့ကြောင်း၊ဘယ်လ်ဂျီယံနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍအနေဖြင့် ယူကရိန်းအရေးကိစ္စမဖြစ်ပွား မီကပင် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းမြင့်တက်မှုနှင့် အထွေထွေကုန်စည်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဖိအားများကိုကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း၊ယင်းအခက်အခဲများအပြင် လုပ်သားကုန်ကျစရိတ် မြင့်တက် လာမှုကြောင့် စားသောက်ကုန်ထုတ်လုပ်ငန်းများအနေဖြင့် သမိုင်းဝင် အမြတ်အစွန်းကျဆင်းမှုကို ကြုံတွေ့ခဲ့ရကြောင်း၊ ကုန်ဈေးနှုန်းနှင့် လိုက်ပါချိန်ညှိသည့်  Wage Inedxation ကြောင့် ဘယ်လ်ဂျီယံ နိုင်ငံ၏ လုပ်သားအတွက်ကုန်ကျစရိတ်မှာ အီးယူ၌ တတိယအမြင့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)

အမေရိကန်တွင် ရေနံစိမ်းဈေးနှုန်းများ ၈% ခန့်ကျဆင်းခဲ့

          တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ကူးစက်ပြန့်နှံ့လာ၍ ရှန်ဟိုင်းမြို့အပါအဝင် နေရာအချို့ တွင် သွားလာမှုကန့်သတ်လိုက်သဖြင့် အမေရိကန်၌ ရေနံစိမ်းဈေးနှုန်းများ ၈% ခန့်အထိကျဆင်းခဲ့ ကြောင်း၊မတ်လနောက်ဆုံးပတ်ဈေးအဖွင့်တွင် ကြိုတင်ရောင်းဝယ်မှုဈေးသည် ရေနံစိမ်းတစ်စည် လျှင် West Texas Intermediate နှင့် Brent တို့တွင် အမေရိကန်ဒေါ်လာ ၁၀၄.၅၀(၈.၂၅%)၊ ၁၁၁.၆၁(၇.၄%)စီ အသီးသီးကျဆင်းခဲ့သည်ဟု CNBC သတင်း website တွင် ဖော်ပြထားကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ရေနံစိမ်းအများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံမှ လောင်စာဆီ အစား ထိုးတင်သွင်းရောင်းချနိုင်မည့်နိုင်ငံများအား လိုလားရှာဖွေလျှက်ရှိသည့် ယခုအချိန်တွင် တရုတ်နိုင်ငံ၌ ရှန်ဟိုင်းအပါအဝင်နေရာများတွင်  သွားလာခြင်းကန့်သတ်တားမြစ်မှုများ ဆောင်ရွက်လာခြင်းသည် လောင်စာဆီဝယ်လိုအားအပေါ် များစွာသက်ရောက်လာစေသည်ဟု Lipow Oil Associates ဥက္ကဋ္ဌ က ပြောကြားခဲ့ကြောင်း၊ ထို့အပြင် ယူကရိန်းနှင့်ရုရှားနှစ်နိုင်ငံ နောက်ထပ်ငြိမ်းချမ်းရေးဆွေးနွေးပွဲများက လည်း လောင်စာဆီဈေးများ  ကျဆင်းလာစေသည်ဟု Commerzbank က  ပြောကြားခဲ့ကြောင်း၊ ယခု နှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင်စတင်ခဲ့သည့်  ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် လောင်စာဆီဈေးကွက် သိသာစွာမတည်ငြိမ်မှုများဖြစ်ပေါ်လျှက်ရှိပြီး ပဋိပက္ခစတင်သည့်နေ့မှာပင် ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၁၀၀)ကျော်ခဲ့ကာ ဆက်လက်မြင့်တက်လျှက်ရှိကြောင်း၊ အနောက် နိုင်ငံများ၏ ရုရှားနိုင်ငံအပေါ် စီးပွားရေးအရေးယူပိတ်ပင်မှုများကြောင့် လာမည့်ဧပြီလတွင် ရုရှားနိုင်ငံ၏ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၃ သန်းကေျာ်ထွက်ရှိမှုအတွက် ‌‌ဈေးကွက်အခက်အခဲဖြစ်လာနိုင်ပြီး ဝယ်သူအသစ်များရှာဖွေရာတွင် အထူးသဖြင့် အိန္ဒိယနှင့်စာချုပ်ချုပ်ဆို ရောင်းချသွားနိုင်သည်ဟု သုတေသီများက ခန့်မှန်းကြကြောင်း၊ တရုတ်နိုင်ငံတွင် သွားလာမှုကန့်သတ်လိုက်သည့်အတွက်  ဝယ်လိုအားကျဆင်းပြီး ရေနံစိမ်းဈေးကျဆင်းသည်ဆိုသော်လည်း လက်ရှိတွင် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်တွင် ရှိနေသေးသည်ဟုဖော်ပြထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဝါရှင်တန်မြို့စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)