ဗီယက်နမ်နိုင်ငံသည် အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၃၇ဘီလီယံတန်ဖိုးရှိသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီမံကိန်း ၃၅၀၀ ကိုဆွဲဆောင်နိုင်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအထည်အလိပ်နှင့် အဝတ်အစားအသင်း (VIAS) ၏ အဆိုအရသိရပါသည်။ FDI ဧရိယာသည် အထည်အလိပ်လုပ်ငန်းနယ်ပယ်ကြီးထွားမှုတွင် အဓိကနေရာမှပါဝင်နေပြီး လုပ်ငန်း၏ စုစုပေါင်းပို့ကုန်ဝင်ငွေရရှိမှု၏ ၆၅% ရှိကြောင်းသိရပါသည်။ VITAS ၏ အဆိုအရ ဗီယက်နမ်အထည်အလိပ်နှင့် အဝတ်အထည်လုပ်ငန်းသည် FDI ဝင်ရောက်မှုတွင် အားကောင်းစွာမြင့်တက်ခဲ့ပြီး များစွာသော ကြီးမားသည့်အသင်းအဖွဲ့များသည် ခေတ်မီစက်ရုံများတည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းသိရပါသည်။ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် ထိုင်ဝမ်တို့ပါဝင်သည့်နိုင်ငံများသည် ဗီယက်နမ်၌ ထိုလုပ်ငန်းနယ်ပယ်တွင် ကြီးမားစွာရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းသိရပါသည်။ ယခုနှစ် စက်တင်ဘာလ နှောင်းပိုင်းတွင် စင်္ကာပူမှ Sanbang Co.,Ltd. သည် ပဝါနှင့် အထည်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်မှုစတင်ခဲ့ကာ ၂၀၂၅ခုနှစ်၊ စတုတ္ထ ၃လပတ်ကာလတွင် တရားဝင်လုပ်ငန်းလည်ပတ်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်များစွာဖန်တီးပေးနိုင်မည်ဟုသိရပါသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ၂၀၃သန်းတန်ဖိုးရှိသည့် ဂျပန်နိုင်ငံမှ Top Textiles Co.,Ltd. ၏ အထည်အလိပ်စက်ရုံပါဝင်သည့် များစွာသော အခြားအဓိကစီမံကိန်းများသည် ဆောက်ရွက်ဆဲအခြေအနေတွင် ရှိကြောင်းသိရပါသည်။ ယခုနှစ်၏ ဖေဖော်ဝါရီလတွင်လည်း ဟောင်ကောင်မှ Crystal International Group Limited. ၏ အမေရိကန်ဒေါ်လာ သန်း၆၀ခန့်ရင်းနှီးမြှုပ်နှံမှုအတွက် လိုင်စင်ခွင့်ပြုခဲ့ပြီး မတ်လတွင်လည်း ပြည်တွင်းမှ SAB Industrial Company Ltd. ၏ အမေရိကန်ဒေါ်လာ ၆သန်းရင်းနှီးမြှုပ်နှံထားသည့် အဝတ်အထည်အသုံးအဆောင်စက်ရုံဖွင့်လှစ်ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်၏ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များတွင် ပါဝင်ထားမှုကလည်း အဝတ်အထည်နှင့် အထည်အလိပ်ထုတ်ကုန်များအတွက် တင်ပို့ရန် ဈေးကွက်များတိုးချဲ့ရန် ကူညီပေးလျက်ရှိကြောင်းသိရပါသည်။ VITAS ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Truang Van Cam က နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအားထုတ်မှုနှင့် ထိရောက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေးမဟာဗျူဟာများကျေးဇူးကြောင့် အထည်အလိပ်လုပ်ငန်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်လာနိုင်ပြီး ထုတ်လုပ်နိုင်စွမ်းရည်နှင့် တင်ပို့မှုပမာဏတိုးတက်ရန် ကူညီကြောင်းသိရပါသည်။ ကျွမ်းကျင်သူများကလည်း ဗီယက်နမ်သည် အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်းဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် FDI လုပ်ငန်းများနှင့် ပြည်တွင်းလုပ်ငန်းများကြား ချိတ်ဆက်မှုမြှင့်တင်ရန် နည်းလမ်းများရှာဖွေသင့်ကြောင်းပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နောက်တွင် ကမ္ဘာ့တတိယအကြီးမားဆုံး အဝတ်အထည်တင်ပို့သူဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်တွင် ဗီယက်နမ်၏ အဝတ်အထည်လုပ်ငန်းသည် ရည်မှန်းထားသည့် ဝင်ငွေအမေရိကန်ဒေါ်လာ ၄၄ဘီလီယံကိုကျော်ဖြတ်နိုင်ကြောင်းသိရပါသည်။
Source: Vietnam Plus
DOCA(ရန်ကုန်)