၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂.၁၀.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူအောင်၊ စီမံအဖွဲ့ဝင်(၁) ဗိုလ်မှူးနေယူအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းတင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်နှင့်တာဝန်ရှိသူအသီးသီးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ဘိုးလှကြီးရပ်ကွက်၊ ဆရာစံရပ်ကွက်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက် ၂၇ ကွက်တို့၌ စာရင်းကောက်သူတို့က လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိရေးအတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာ အချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းနေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဌ ဦးစည်သူအောင်နှင့်တာဝန်ရှိသူတို့က တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၂၀၅)ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်း ကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် (၁၃၇) ဦးတို့မှ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)