မုံရွာမြို့နယ်မှ ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ရာများ အရောင်းသွက်

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွေး၊ ကြေးမုံ ကျေးရွာများသည် အိမ်တွင်းအသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် ကျေးရွာဖြစ်သည့်အလျောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်း အနေဖြင့် ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ရာလုပ်ငန်းကို တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။

        မုံရွေး၊ ကြေးမုံကျေးရွာများတွင် ခေါင်းအုံး၊ မွေ့ရာ လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်(၂၀)ဦးခန့် ရှိပြီး လုပ်ငန်းရှင်တစ်ဦးလျှင် အလုပ်သမား (၂၀-၃၀)ဦးခန့်ရှိကြောင်းသိရသည်။ မွေ့ရာအမျိုးအစားအားဖြင့် မြောင်းမွေ့ရာနှင့် (အလိပ်)၊ မွေ့ရာအထူ(ခေါက်)ဟူ၍ (၂)မျိုးရှိကြောင်း၊ မွေ့ရာတစ်ထည် ပြီးမြောက်ရန်အတွက် အဝတ်စရွေး၊ အဝတ်စဖတ်၊ အဝတ်စထိုး၊ ဂွမ်းဖတ်၊ အထည်ကိုက်၊ မြောင်းချုပ်၊ မြောင်းသွပ်၊ ဒေါင့်ဖော်၊ ခွာထိုး၊ စသည့်အဆင့်များကို လုပ်ဆောင်ကြရကြောင်း သိရှိရပါသည်။ အဓိက ကုန်ကြမ်းအဖြစ် အဝတ်ဖြတ်စ၊ ညှပ်စများကို ရန်ကုန်၊ မန္တလေး အထည်ချုပ်စက်ရုံများမှတစ်ဆင့် တစ်ပိဿာ(၆၅၀) ကျပ်ဖြင့်ဝယ်ယူရရှိပြီး လဲမှို့၊ လက်ပံမှို့များကို ဒေသတွင်းအနီးတစ်ဝိုက်နှင့် ကနီ၊ ဘုတလင်၊ တန့်ဆည်၊ စစ်ကိုင်း(ညောင်ပင်ဝန်း)၊ ပခုက္ကူနှင့် ရေစကြိုမြို့များမှ တစ်ပိဿာ (၁၀၀၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူရရှိကြောင်း သိရသည်။ အဆိုပါကုန်ကြမ်းများကို ကျေးရွာရှိ ဂွမ်းဖတ်စက်များတွင် လုပ်ငန်းသုံးဂွမ်းအဖြစ် ကြိတ်ခွဲထုတ်လုပ်ပြီး ကုန်ချောအမျိုးအစားအလိုက် ထည့်သွင်း အသုံးပြုကြကြောင်း သိရသည်။ ကုန်ချောပေါက်ဈေးများအနေဖြင့် ဖြတ်စ၊ ညှပ်စ ဂွမ်းနှင့် ပြုလုပ်ထားသည့် ခေါင်းအုံးတစ်လုံးကို (၁၀၀၀-၂၀၀၀)ကျပ်၊ ဖက်လုံးတစ်လုံးကို (၃၅၀၀-၅၀၀၀) ကျပ်၊ မြောင်းမွေ့ရာ (၆၀၀၀-၁၀၀၀၀)ကျပ်၊ ခေါက်မွေ့ရာ နှစ်ယောက်အိပ်(၁၆၀၀၀-၁၈၀၀၀)ကျပ် ပေါက်ဈေးရှိပြီး လဲမှို့၊ လက်ပံမှို့တို့ဖြင့် ပြုလုပ်ထားသော ခေါင်းအုံးတစ်လုံးလျှင် (၅၀၀၀-၇၀၀၀)ကျပ်၊ ဖက်လုံးတစ်လုံးကို (၁၀၀၀၀-၁၂၀၀၀) ကျပ်၊ မွေ့ရာ နှစ်ယောက်အိပ်(၁၀၀၀၀၀-၁၅၀၀၀၀)ကျပ် အသီးသီး ပေါက်ဈေးရှိပါသည်။ ကုန်ချော ဈေးကွက်အနေဖြင့် မုံရွာမြို့ပေါ်ရှိ ဈေးများ၊ မန္တလေး၊ ကလေး၊ ကသာ၊ ကောလင်း၊ မြစ်ကြီးနား၊ နမ်တောမြို့များအထိ တင်ပို့ရောင်းချကြကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလတွင် စားသုံးသူများသည် အသွားအလာ ဆင်ခြင်နေကြရသဖြင့် ဈေးဝယ် မထွက်နိုင်ကြ၍ မုံရွေး၊ ကြေးမုံမှ လုပ်ငန်းရှင်များသည် အနီးအနားရှိ မြို့များ၊ ကျေးရွာများ သာမက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းများအထိ ကားများဖြင့် လှည့်လည်ဖြန့်ဖြူး ရောင်းချ ကြကြောင်း သိရှိရပါသည်။

         သို့ပါ၍ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ မုံရွေး၊ ကြေးမုံ ကျေးရွာများမှ ထုတ်လုပ်သော ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ရာများသည် ဒေသတွင်းသာမက မြန်မာနိုင်ငံ တစ်နံတစ်လျားမှ ဝယ်ယူသုံးစွဲပြီး လူကြိုက်များကြသဖြင့် လုပ်ငန်းရှင်များနှင့် အလုပ်သမားများ လုပ်ငန်းလည်ပတ်နိုင်၍ ပုံမှန်ဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း  တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)