စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ယခုအပတ် (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှအောက်တိုဘာလ ၂၀ ရက်နေ့အထိ) ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆,၃၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၆ ရက်နေ့အထိ ထုတ်ပြန် သတ်မှတ်ခဲ့သည့်တစ်ပိဿာလက်ကားရည်ညွှန်းစျေးနှုန်းမှာ ၆၇၂၀ ကျပ်၊ အောက်တိုဘာလ ၇ ရက် နေ့မှ ၁၃ ရက်နေ့အထိ ရည်ညွှန်းစျေးနှုန်းမှာ ၆၄၅၅ ကျပ် နှင့် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရည်ညွှန်းစျေးနှုန်းမှာ ၆၃၅၅ ကျပ်ဖြစ်သည့်အတွက် ရည်ညွှန်းဈေးနှုန်းမှာ နှစ်ပတ် ဆက်တိုက် ကျဆင်းလာခဲ့ကြောင်း တွေ့ရှိရပါသည်။
ပြည်တွင်းဈေးကွက်အတွင်း ပြည်သူလူထုအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးရန် ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားရှိပါသည်။
အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။