နိုင်ဂျီးရီးယားအနေဖြင့် ဂျုံနှင့်ဆန်ကို တိုးမြှင့်တင်သွင်းရဖွယ်ရှိ

Powered by Drupal

    အာဖရိကဒေသတွင် လူဦးရေ ၂၃၂ သန်းဖြင့် အကြီးမားဆုံးဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ၌ စီးပွားရေးတည်ငြိမ်လာခြင်း၊ ငွေကြေးဖောင်းပွမှုလျော့ကျလာခြင်းနှင့် ဂျုံ၊ ဆန်နှင့် ပြောင်းတို့ တင်သွင်းမှုအပေါ် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အကောက်ခွန် သုညရာခိုင်နှုန်း သတ်မှတ်သည့် မူဝါဒကို ချမှတ်ဆောင်ရွက်ခြင်းတို့အရ ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်အတွင်း အဆိုပါ သီးနှံ များ တင်သွင်းမှုပမာဏသည် မြင့်တက်လာမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာနလက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုဌာန (FAS) က အစီရင်ခံဖော်ပြခဲ့သည်။

    ၂၀၂၄-၂၅ ခုနှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံ၏ ဂျုံတင်သွင်းမှုသည် တန်ချိန် ၄.၇ သန်းရှိမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းပမာဏသည် ၂၀၂၃-၂၄ ခုနှစ် တင်သွင်းခဲ့သည့် ခန့်မှန်းတန်ချိန် ၅ သန်း၏ အောက်သို့ လျော့နည်းနေဆဲဖြစ်သော်လည်း ဧပြီလ၌ ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်ထက် ၆ ရာခိုင်နှုန်း ပိုမိုမည်ဖြစ်ကြောင်း၊ ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိပဲ တန်ချိန် ၁၂၀၀၀၀ ခန့်သာ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ဂျုံဝယ်လိုအားမှာမူ ၂၀၂၃-၂၄ ခုနှစ်၌ တန်ချိန် ၄.၇ သန်းခန့်ရှိရာမှ ၂၀၂၄-၂၅ ခုနှစ်တွင် တန်ချိန် ၄.၄ သန်းသို့ လျော့ကျနိုင်ကြောင်းဖြင့် FAS ဌာနက ဖော်ပြထားသည်။

    ဂျုံစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရန် နိုင်ဂျီးရီးယားအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ ရှိသော် လည်း ဂျုံစိုက်ပျိုးရာ နယ်မြေဒေသများတွင် စားနပ်ရိက္ခာ မဖူလုံမှု ဆက်လက်ဖြစ်ပေါ်နေခြင်း၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့ဈေးနှုန်းများမြင့်မားခြင်းနှင့် လူနေမှုစရိတ် ကျယ်ပြန့်စွာကြီးမြင့်မှုက တောင်သူများ၏ သီးနှံစိုက်ပျိုးရန် ဆုံးဖြတ်လုပ်ကိုင်မှုအပေါ် သက်ရောက်လျက်ရှိခြင်း စသည့် အချက်များအရ ဂျုံထွက်ရှိမှုပမာဏမှာ ပြောင်းလဲမည်မဟုတ်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

     ၂၀၂၄-၂၅ ခုနှစ်အတွင်း နိုင်ဂျီးရီးယား၏ ပြည်တွင်းဆန်ထုတ်မှုမှာ ရာသီဥတုကောင်းမွန်မှု မရှိသည့် စိန်ခေါ်မှုများရှိနေခြင်း၊ စိုက်ပျိုးရေးသွင်းအားစု စရိတ်များကြီးမြင့်ခြင်းတို့ကြောင့် FAS က ဧပြီလ၌ ခန့်မှန်းခဲ့သည့် တန်ချိန် ၇.၇ သန်းအောက် ၃ ရာခိုင်နှုန်း လျော့နည်းလျက် တန်ချိန် ၇.၅ သန်းသာ ထွက်ရှိနိုင်မည်ဟု ပြင်ဆင်ခန့်မှန်းထားသည်။ ၂၀၂၃-၂၄ ခုနှစ်၌ ဆန်ထုတ်လုပ်နိုင်မှုမှာ တန်ချိန် ၈.၅ သန်းခန့်ရှိခဲ့သည်။

     အခြားသော အဓိကစားသုံးကုန်များနှင့် နှိုင်းယှဉ်ပါက ဆန်ကိုဝယ်ယူနိုင်စွမ်းမှာ မြင့်မားမှုရှိသဖြင့် နိုင်ဂျီးရီးယားပြည်တွင်း၌ ဆန်စားသုံးမှုသည် ဧပြီလတွင် ခန့်မှန်းခဲ့သော တန်ချိန် ၇.၂ သန်း ထက် ၃ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၇.၄ သန်းအထိ စားသုံးမှုရှိနိုင်ကြောင်း၊ အဆိုပါ ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် ၂၀၂၄-၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၁.၉ သန်းခန့် တင်သွင်းမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းပမာဏသည် ယခင်နှစ် တင်သွင်းခဲ့သည့် တန်ချိန် ၂ သန်း၏အောက်သို့ လျော့ကျမည်ဖြစ်သော်လည်း ဧပြီလ၌ ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက် တန်ချိန် ၁.၅ သန်းထက် ၂၁ ရာခိုင်နှုန်း ပိုမိုမည်ဖြစ်ကြောင်း FAS ဌာနက ဖော်ပြထားသည်။

Source: World Grain, 7 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)