အကျိုးအမြတ်ရှိသော စစ်ကိုင်းနေကြာဆီလုပ်ငန်း

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယဆီအိုးကြီးဟု တင်စားရအောင် ဆီထွက် သီးနှံစိုက်ပျိုးဖြစ်ထွန်းရာ နယ်မြေတစ်ခုဖြစ်သည်နှင့်အညီ ယခုရာသီတွင်နှမ်း၊မြေပဲတို့နှင့် အတူ နေ‌ကြာများထွက်ရှိသည်နှင့်အမျှ ကျေးလက်ဒေသရှိရွာများတွင် တစ်နိုင်တစ်ပိုင် ဆီကြိတ်ခွဲခြင်း၊ မြို့ပေါ်ဆီစက်များတွင်ဆီစက်များပုံမှန်ကြိတ်ခွဲခြင်းများအပြိုင်အဆိုင် ဆောင်ရွက်လာကြပါသည်။

             စစ်ကိုင်းတိုင်း‌ဒေသကြီးတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် အတွက်နေကြာစိုက်ဧက (၃၅၆၉၁၅)ဧက ရှိပြီး တစ်ဧကလျင် တင်း(၂၀)ခန့်မှန်းထွက်ရှိမည်ဆိုပါက (၇၁၃၈၃၀၀)တင်း ထွက်ရှိမည်ဖြစ်ပါသည်။ နေကြာစေ့ကုန်ကြမ်း တင်း(၇၁၃၈၃၀၀)တွင်  ဆီအထွက်ပိဿာ(၂၁၄၁၄၉၀၀)၊ တန်အားဖြင့် (၃၄၉၆၉) ကျော် ထွက်ရှိမည်ဖြစ်ကြောင်း တိုင်းဒေသကြီဲးစိုက်ပျိုးရေးစာရင်းများအရ ခန့်မှန်းတွက်ချက်ရရှိပါသည်။

             မြန်မာနိုင်ငံတွင် စိုက်ပျိုးသောနေကြာသီးနှံအနေဖြင့် ရေဆင်း-၂နှင့် အိန္ဒိယမှ တင်သွင်းသော ဟိုက်ဘရစ်မျိုး (၂)မျိုးသာရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဦးနှင့် ဘုတလင်မြို့နယ်များ တွင် နေကြာကို မြေယာများပြုပြင်ပြီး သီးသန့်စိုက်ပျိုး ထုတ်လုပ်ရန် သတ်မှတ်ထားသောနေရာများရှိပါ သည်။ စပါးရိတ် သိမ်းပြီး အစိုဓါတ်ကျန်ရှိနေသော ရိုးဖြတ်များတွင် စိုက်ပျိုးပါက ကုန်ကျစရိတ်သက်သာ ပါသည်။ အကြမ်းအားဖြင့် နေကြာသီးနှံ(ဆောင်း)ကို အောက်တိုဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊မတ်၊လများတွင် ရိတ်သိမ်းသောကြောင့် ထိုကာလများတွင် ကုန်ကြမ်းများများပေါ်ပြီး နေကြာဆီများများ ထုတ်လုပ်ကြ ပါသည်။ လက်ရှိကြိတ်ခွဲ ထုတ်လုပ်နေသော နေကြာဆီကို အိမ်တွင်း စားသုံးရန်အတွက် နဝလီသာကြိတ်ခွဲ ကြပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီးတွင် နေကြာဆီကြိတ်ခွဲထုတ်လုပ် မှုကို Physical Refining နည်းဖြင့်သာ ထုတ်လုပ်နိုင်ပြီး ထွက်ရှိသော ဆီမှ အချွဲအပျစ်များကို အဝတ်စခံပြီး အကြည်ရရှိအောင် ထုတ်လုပ်သည့် အဆင့်သာရှိပါသည်။ ရရှိသော ဆီအကြည်တွင် ဖယောင်းနှင့် နေကြာအနံ ကျန်ခဲ့သည့်အတွက် ၎င်းတို့ကို သန့်ဇင်ရန်အတွက် Chemical Refining အသုံးပြုရမည်ဖြစ်ပြီး လက်ရှိ အချိန် မြန်မာနိုင်ငံတွင် Chemical Refining စက်မရှိသေးပါ။

             ဈေးနှုန်းအနေဖြင့် မတ်လနောက်ဆုံးအပတ်တွင် နေကြာဆီ (၁)ပိဿာလျှင် ၇၅၀၀-၈၀၀၀ ကျပ် ပေါက်ဈေးရှိပြီး၊ နေကြာစေ့(၁)ပိဿာလျှင် ၂၆၀၀-၂၆၅၀ ကျပ်ရှိကြောင်း၊ ယခင်နှစ်က နေကြာစေ့ (၁) ပိဿာလျှင်၁၂၀၀ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၄၀၀၀-၅၀၀၀)ကျပ်သာရှိပြီး ယခုနှစ် တွင်ဈေး ကောင်းရသောကြောင့်  တောင်သူများ တွက်ချေကိုက်သည့်အတွက် လာမည့်နှစ်တွင် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးလာနိုင်ကြောင်း တိုင်းဒေသကြီး၊ ဆီစက်ပိုင်ရှင်များအသင်း၊ ဥက္ကဌနှင့် တွေ့ဆုံဆွေးနွေး ချက်များအရ လေ့လာသိရှိရပါသည်။

                   နေကြာဆီကို ကျန်းမာရေးအရ စားသုံးရန်လိုအပ်သောသူများ၊ စားလေ့စားထ ရှိသော သူများ သာသုံးစွဲသည့်အတွက် ဈေးကွက်အနည်းငယ်ကျဉ်းသည်ဟုဆိုနိုင်ပါသည်။ စားအုန်းဆီကို အကြော် အလှော် များတွင် အသုံးပြုခြင်း၊ နှမ်းဆီကို အိမ်တွင်းစားသုံးမှုနှင့် အသုံးပြုခြင်း၊ ပဲဆီကို အိမ်တွင်း စားသုံးရန်နှင့် အကြော် အလှော်များတွင် အသုံးပြုကြပြီး ယခုအခါ နေကြာဆီကို သုံးစွဲ နေကြခြင်းသည် စားအုန်းဆီနှင့် ဈေးနှုန်း ကွာခြားမှုမရှိသည့်အတွက်သာ ဖြစ်သည်ဟုသုံးသပ်ရပါသည်။ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများအနေဖြင့်လည်း အိမ်တွင်း စားသုံးရန်နှင့် ကျန်းမာရေးသုံးရန် အတွက်သာ ရည်ရွယ်ပြီး စိုက်ပျိုးနေကြပါသည်။ ထိုသို့ မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ စိုက်ပျိုးမည်ဆိုပါက ထွက်ရှိလာသောဆီကို မည့်သည့် ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချရမည်ကို ထည့်သွင်း စဉ်းစားရန်လိုအပ်သလို နိုင်ငံတော်အနေဖြင့်လည်း စားသုံးဆီနှင့် ပတ်သက်ပြီး ခိုင်မာသောမူဝါဒများ ချမှတ်ပေးရန်လိုအပ်ပါသည်။            

             ကလေးမြို့မှ ထွက်ရှိသောနေကြာဆီကို   ချင်းပြည်နယ်၊ တမူးနှင့် ကလေးမြို့ပေါ်ဈေးကွက်သို့ အဓိကဖြန့်ဖြူးရောင်းချပြီး ပိုလျှံသောဆီများကိုရန်ကုန်နှင့်မန္တလေးမြို့များသို့ အနည်းငယ်တင်ပို့ ရောင်း ချပါသည်။ ဆီကြိတ်ခအနေဖြင့် ကလေးမြို့တွင် နေကြာစေ့(၁)တင်းလျှင်ကြိတ်ခ ၃၀၀၀ ကျပ်၊ ဘုတလင်မြို့တွင် ၂၀၀၀ ကျပ်ရှိပြီး နေကြာဖတ်(၁)ပိဿာလျှင် ၉၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ မွေးမြူရေးသမား များမှ လာရောက်ဝယ်ယူရကြောင်း စုံစမ်းသိရှိရပါသည်။

         နေကြာစိုက်တောင်သူအများစုသည် နေကြာကိုကုန်ကြမ်းအတိုင်းရောင်းချခြင်းထက် ဆီကြိတ် ခွဲရောင်းချခြင်းဖြင့် မိသားစုအတွက်စားသုံးဆီဖူလုံစေရုံသာမက ပိုလျှံသောဆီများကို ဈေးကောင်းကောင်း ဖြင့်ရောင်းချရခြင်း၊နေကြာကြိတ်ဖတ်ရောင်းချရခြင်းတို့ကြောင့် တွက်ခြေကိုက်လျက်ရှိပါသည်။ ဆီစက် ပိုင်ရှင်များအနေဖြင့်လည်း နေကြာ(၁)တင်းလျင်ကြိတ်ခ(၂၀၀၀-၃၀၀၀)ကျပ်နှုန်းဖြင့် သီးနှံပေါ်ချိန် တရက်လျှင် (၂၅)တင်းခန့်ခွဲလည်ပတ်ရသည့်အတွက် တွက်ခြေကိုက်သည့်အပြင် ဒေသခံပြည်သူများ အနေဖြင့် လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပါသည်။

             အချုပ်အားဖြင့် နေကြာတိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းသည် တောင်သူများ၊ဆီစက်ပိုင်များ တွက်ချေကိုက်သကဲ့သို့ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပါသည်။ ဒေသခံပြည် သူများ အနေဖြင့်လည်း ဈေးနှုန်း သင့်တင့်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော နေကြာဆီကို သုံးစွဲနိုင်မည် ဖြစ်သည့်အတွက် နေကြာနှင့် ဆက်စပ်သော လူတန်းစား (၃) ရပ်စလုံး အကျိုးအမြတ်ရရှိစေသော နေကြာဆီဈေးကွက်ကို ယခုထက် ပိုမိုဖွံ့ဖြိုးလာစေရန် နိုင်ငံတော်နှင့်သက်ဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းဖေးမပေးရန် အချိန်တန်ပြီ ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါသည်။

DOCA(စစ်ကိုင်း)