Geely ၏ တန်ဖိုးကြီး NEV အမှတ်တံဆိပ် Zeekr သည် လျှပ်စစ်ကား ၂ စီးဖြစ်သော Zeekr 001 lift back နှင့် Zeekr X crossover တို့နှင့်အတူ နော်ဝေးသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။ ၎င်းတို့အား အာမခံ ၁၀ နှစ်ဖြင့် ယခုလနှောင်းပိုင်းတွင် မှာယူနိုင်မည်ဖြစ်သည်။ Zeekr သည် နိုင်ငံရှိ အဓိက မြို့ကြီးများတွင် အရောင်းကိုယ်စားလှယ်များနှင့် လက်လီကွန်ရက်တစ်ခုကိုလည်း စီမံပေးမည်ဖြစ်ကြောင်းသိရသည်။ အောက်တိုဘာလ ၉ ရက်နေ့တွင် Zeekr သည် နော်ဝေး ဈေးကွက်သို့ တရားဝင် ဝင်ရောက်လာကြောင်း ကြေငြာခဲ့သည်။ Zeekr သည် ပြီးခဲ့သည့်နှစ်က နယ်သာလန်၊ ဂျာမနီနှင့် ဆွီဒင်တို့တွင် စတင်ရောင်းချခဲ့သည်။ CarNewschina မှ ရရှိသော သတင်းထုတ်ပြန်ချက်အရ နော်ဝေးတွင် ဖြန့်ချိမှုသည် Zeekr ၏ ပြည်ပမဟာဗျူဟာအတွက် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း သိရသည်။ Zeekr Europe ၏ ကူးသန်းရောင်းဝယ်ရေး အရာရှိချုပ် Lothar Schupet က နော်ဝေးသည် ကမ္ဘာပေါ်တွင် အတိုးတက်ဆုံး EV ဈေးကွက်များထဲမှ တစ်ခုဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ပထမဆုံး Zeekr စတိုးအား ယခုလတွင် နော်ဝေးနိုင်ငံ Oslo မြို့တွင် ဖွင့်လှစ်မည်ဖြစ်သည်။ ကုမ္ပဏီသည် နော်ဝေးတွင် Geely ပိုင် Volvo နှင့် Polestar ကားများကိုလည်း ရောင်းချမည်ဖြစ်သည်။ နော်ဝေးရှိ Zeekr မော်တော်ယာဉ်များ၏ အဓိက အင်္ဂါရပ်မှာ အာမခံသက်တမ်း ၁၀ နှစ် အထိရှိခြင်းပင်ဖြစ်သည်။ ၎င်းယာဉ်များသည် မော်တော်ယာဉ်အာမခံ ၅ နှစ် သို့မဟုတ် ၁၀၀၀၀၀ km စံနှုန်းဖြင့် ရောက်ရှိလာ ခြင်းဖြစ်သည်။ Zeekr လက်ငင်းရောင်းချသူများ သို့မဟုတ် Zeekr ခွင့်ပြုချက်ရရှိထားသော ဝန်ဆောင်မှုစင်တာများနှင့် Works Shops များတွင် အကြံပြုထားသော ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယားကို လိုက်နာပါက နောက်ထပ် ၅ နှစ်/ ၁၀၀၀၀၀ km အထိ တိုးမြှင့်နိုင်မည်ဖြစ်သည်။ Zeekr မှ တာဝန်ရှိသူများသည် ဥရောပတခွင်တွင် အားသွင်းရန်နေရာပေါင်း ၈၀၀၀၀၀ ကျော် ရှိသည့် Plugsurfing App နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း Zeekr မှတာဝန်ရှိသူများက ပြောကြား ခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှု အကျိုးကျေးဇူးအနေနှင့် Zeekr Charges App နှင့် Charging RFID ကဒ်များမှတဆင့် အားသွင်းကိရိယာများကို အသုံးပြုနိုင်မည်ဖြစ်သည်။ နော်ဝေးတွင် ရောင်းချမည့် Zeekr မော်ဒယ်နှစ်မျိုးဖြစ်သော Zeekr 001 lift back နှင့် Zeekr X crossover တို့၏ ဈေးနှုန်းများကို ဖော်ပြထားခြင်းမရှိပေ။ Zeekr သည် ယခုနှစ်အစောပိုင်းတွင် Zeekr X ၏ ဈေးနှုန်းများကို ဥရောပနိုင်ငံအများအပြားတွင် လျှော့ချခဲ့သည်။ ၎င်း၏ ဈေးနှုန်းများသည် ဆွီဒင်နိုင်ငံတွင် ၅၂၉၀၀၀ SEK (၅၁၀၀၀ USD)၊ နယ်သာလန်တွင် ၄၂၄၉၀ EUR (၄၆၅၅၀ USD) နှင့် ဂျာမနီနိုင်ငံတွင် ၄၄၉၉၀ EUR (၄၉၃၀၀ USD) အသီးသီးရှိမည်ဖြစ်သည်။
Source : carnewschina
DOCA(ရန်ကုန်)