မုံရွာငှက်ပျောဈေးကွက်အရောင်းအဝယ်သွက်

Powered by Drupal

            ငှက်ပျောသီးကို မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့ကျင်းပကြသည့် အလှူမင်္ဂလာပွဲများ ဘာသာရေးပွဲများနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာပွဲများတွင် မပါမဖြစ်အသုံးပြုကြပါသည်။ငှက်ပျောသီးသည် ကျန်းမာရေးနှင့် ညီညွတ်ပြီးအဟာရပြည့်ဝသည့်အတွက် မြန်မာလူမျိုးများနှစ်ခြိုက်စွာ စားသုံးလေ့ရှိသော အသီးအနှံတစ်မျိုးလည်းဖြစ်သည်။ငှက်ပျောကို အိမ်ခြံစည်းရိုးများနှင့် လယ်ကန်သင်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသကဲ့သို့ စီးပွားဖြစ်စိုက်ခင်းအဖြစ်လည်း စိုက်ပျိုးလေ့ရှိကြောင်း သိရှိရသည်။   

            ငှက်ပျောကို မုံရွာဒေသဝန်းကျင်းရှိ၊ ကနီ၊ ကနဲ၊ ဘုတလင်၊ အရာတော်မြို့နယ်များနှင့် ဝက်လက်မြို့နယ်များမှ အဓိကစိုက်ပျိုးကြောင်း လေ့လာသိရှိရပါသည်။ ငှက်ပျောမျိုးများစွာရှိသည့်အနက် ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ဝယ်လိုအားရှိသည့် ဖီးကြမ်းငှက်ပျောမျိုးနှင့် သီးမွှေးငှက်ပျောမျိုးများကို အဓိကထားစိုက်ပျိုးကြပြီး မုံရွာ၊ မန္တလေး ဈေးကွက်သို့ တင်ပို့ကြောင်းသိရှိရပါသည်။ လက်ရှိမုံရွာ ငှက်ပျောဈေးကွက်၌ ငှက်ပျောကုန်သည် (၁၅) ဦး ခန့်ရှိပြီး ဒေသတွင်ဈေးကွက်၌ လက်လီ၊လက္ကားရောင်းချလျှက်ရှိပြီး မုံရွာမှတဆင့် ပခုက္ကူ၊ ရေစကြိုနှင့် ကလေး၊ တမူးမြို့များသို့လည်း  ပုံမှန်တင်ပို့ရောင်းချလျှက်ရှိကြောင်းသိရှိရသည်။

      လက်ရှိ မုံရွာငှက်ပျောဈေးကွက်၌ ငှက်ပျောဖီးကြမ်းတစ်ဖီးလျှင် အကြီးအသေးပေါ် မူတည်၍ (၅၀၀)ကျပ်မှ (၈၀၀)ကျပ်ဖြင့်လည်းကောင်း သီးမွှေးငှက်ပျောတစ်ဖီးလျှင် (၆၀၀)ကျပ်မှ (၁၀၀၀) ကျပ် ဖြင့်လည်းကောင်း ရောင်းဝယ်လျှက်ရှိပြီး တစ်ရက်ပျှမ်းမျှ ငှက်ပျောဖီး(၃၀၀၀) ခန့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်းလေ့လာသိရှိရပါသည်။ ယခုလအတွင်း မုံရွာဈေးကွက်သို့ ငှက်ပျောအဝင်များခဲ့သလို နယ်မြို့များမှ အမှာရှိနေသည့်အတွက် ယခင်နှစ်ကထက် အရောင်းအဝယ်သွက်လျှက်ရှိကြောင်း လေ့လာတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)