လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ ၁၁ဘီလီယံထိတိုးမြင့်

Powered by Drupal

ထိုင်းနိုင်ငံစီးပွားကူးသန်းဝန်ကြီးဖြစ်သူ Pichai Naripthaphan နှင့်လာအိုနိုင်ငံစက်မှုမှုနှင့် စီးပွားကူးသန်းဝန်ကြီးဖြစ်သူ Malaythong Kommmasith တို့၏ အပြန်အလှန်ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသည် အပြန်အလှန်စီးပွားရေးနှင့်ကုန်သွယ်ရေးပူပေါင်းဆောင်ရွက်ရေး၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပိုမိုအားကောင်းရန် သဘောတူညီခဲ့ကြပြီး ၂၀၂၅ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၁ဘီလီယံထိရောက်ရှိရန် ပစ်မှတ်ထားနေကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် လာအိုနိုင်ငံ၏ အဓိကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၃ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၆၃ ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။ Mr.Pichai က ထိုင်းကုန်ပစ္စည်းများကို လာအိုနိုင်ငံသို့ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် ကိုဗစ်ကာလမှစတင်၍ပိတ်ထားသည့် နယ်စပ်စစ်ဆေးရေးဂိတ် ၄ခုကိုပြန်လည်ဖွင့်ပေးရန် Mr. Malaythong ကိုတောင်းဆိုခဲ့ကြောင်းပြောကြားခဲ့သည်။ ယာယီအကူးအပြောင်းကုန်သွယ်ရေးနှင့်ပတ်သက်၍ Mr.Pichai က R3A၊ R9 နှင့် R12 လမ်းကြောင်းနှင့် လာအို-တရုတ် ရထားလမ်းတို့မှတစ်ဆင့် ထိုင်းကုန်ပစ္စည်းများအား နယ်စပ်ဖြတ်ကျော်၍ တရုတ်နှင့်ဗီယက်နမ်သို့ တင်ပိုရာတွင် လွယ်ကူချောမွေ့စေရေးအတွက် လာအိုကိုတောင်းဆိုခဲ့ကြောင်းသိရပါသည်။ Mr.Pichai က ထိုင်းမှထရပ်ကားများ လာအိုကိုဝင်ရောက်၍ တရုတ်သို့ သစ်သီးများတင်ပို့ရန်ခွင့်ပြုရာတွင် အကောက်ခွန်လုပ်ငန်းစဉ်များကို ဖြေလျှော့ပေးသည့်အတွက် လာအိုအစိုးရကို ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့ပြင် Mr.Pichai က နယ်စပ်စစ်ဆေးရေးဂိတ်အားလုံး၌ သယ်ယူပို့ဆောင်ခွင့်ပြုရန် လိုင်စင်အတွက်ကာလကို ၁၅ရက်မှ ၃၀ရက်အထိတိုးမြှင့်ပေးရန် လာအိုအာဏာပိုင်များကိုတောင်းဆိုခဲ့ကြောင်းသိရပါသည်။ လာအိုအစိုးရကလည်း လမ်းကြောင်း ၃ခုလုံးတွင်နယ်စပ်ဖြတ်ကျော်နှင့် ယာယီအကူးအပြောင်းကုန်သွယ်ရေးနှစ်ခုလုံးတွင် လွယ်ကူချောမွေ့စေရန်နှင့် သယ်ယူပို့ဆောင်ခွင့်လိုင်စင်အတွက် ကာလကိုတိုးမြှင့်ပေးရန် ကတိပြုခဲ့ကြောင်းသိရပါသည်။ ထိုဆွေးနွေးပွဲသည် အာဆီယံ၏ ဒစ်ဂျစ်တယ်စီးပွားရေးမူဘောင်သဘောတူညီချက် (DEFA) ပြီးမြောက်ရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် ၂၀၂၄ခုနှစ်တွင် ဆွေးနွေးမှု၏ ၅၀ရာခိုင်နှုန်းပြီးမြောက်ရန် ရည်ရွယ်ကြောင်းလည်းသိရပါသည်။ ထိုကနဦးစတင်မှုသည် လာအို MSME လုပ်ငန်းများ e-commerce သို့ ပိုမိုဝင်ရောက်နိုင်မည်ဖြစ်ကာ လာအို၏ကုန်သွယ်မှုတန်ဖိုးမြင့်တက်ရန် ကူညီပေးနိုင်မည်ဟုသိရပါသည်။ Mr.Pichai က ထိုင်းနိုင်ငံသည် လာအိုနိုင်ငံအား စိုက်ပျိုးရေးထုတ်ကုန်များ၊ ကုန်သွယ်မှုမြှင့်တင်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာထောက်ပံ့ခြင်းတို့တွင် ကူညီပံ့ပိုးသွားမည်ဟုပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံလုံးသည် လာအို၏ကုန်သွယ်ရေးလိုငွေပြမှုကိုဖြေရှင်းရာတွင် ကူညီရန် လာအိုထုတ်ကုန်များ ဝယ်ယူမှုမြှင့်တင်ခြင်း၏အရေးပါမှုနှင့် လာအိုတွင် ပြည်တွင်းထုတ်လုပ်မှုကိုတွန်းအားပေးရန် အရေးထားခဲ့ကြကြောင်းသိရပါသည်။
Source: Bangkok post
DOCA(ရန်ကုန်)