ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် နေကြာသီးနှံကို ဒေသတွင်း စားသုံးဆီဖူလှုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများစိုက်ပျိုး၍ ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာခရိုင်အလိုက်၊ မြို့နယ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ပြည်ခရိုင်အနေဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် နေကြာဆီ ကြိတ်ခွဲထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ နေကြာသီးနှံကို သီးသန့်သီးညှပ်အဖြစ် စိုက်ပျိုးလျှက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းနေကြာစိုက်ဧကမှာ ၄၅၉ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ၁၁၇၄၉ ဧကထပ်မံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နေကြာစိုက်ပျိုးလျှင် တစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၃)သိန်းကျော်ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၈တင်းခန့် ထွက်ရှိသည်ဟုသိရပါသည်။ နေကြာ တစ်ဧက ဝင်ငွေအနေဖြင့် ၄၅၀၀၀၀ကျပ် ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် (၁)သိန်း ကျပ်ခန့် ရရှိသည်ဟုလေ့လာသိရှိရပါသည်။ နေကြာစိုက်ပျိုးသူ တောင်သူများအနေဖြင့် ထွက်ရှိလာသော နေကြာစေ့များကို နီးစပ်ရာပွဲရုံများသို့လည်းကောင်း၊ ဆီစက်များသို့လည်းကောင်း၊ ဆီစက်များတွင် အခကြေးငွေပေးပြီး ဆီကြိတ်၍လည်းကောင်း ရောင်းချခြင်းများလည်းရှိပါသည်။ ယခင်က ပြည်ပမှ စားအုန်းဆီများဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းလာသောကြောင့် နေကြာဆီကို စားသုံးမှုလျော့နည်းလာသည်နှင့်အညီ နေကြာစိုက်ပျိုးထုတ်လုပ်သူ၊ နေကြာဆီကြိတ်ခွဲထုတ်လုပ်သူများ မရှိသလောက် နည်းပါးသွားကြောင်း သိရှိရပြီး ယခုနှစ်ပိုင်းမှသာ ပြည်ပမှတင်သွင်းသည့် စားအုန်းဆီ ဈေးမြင့်လာသဖြင့် ပြည်တွင်းမှထွက်ရှိသော မြေပဲ၊ နှမ်းနှင့် နေကြာများကို ဆီကြိတ်ခွဲထုတ်လုပ်မှု တိုးလာကြောင်း သိရှိရပါသည်။
ယခုအချိန်တွင် ပြည်ခရိုင်၊ ပြည်မြို့ရှိ ဒေါ်လာဆီစက်တွင် နေကြာဆီအနည်းငယ်သာ ကြိတ်ခွဲထုတ်လုပ်မှုရှိပြီး ဆီကြိတ်ရန်အတွက် နေကြာကို အခြားပြည်နယ်နှင့် တိုင်းများမှနေကြာ တစ်တင်းလျှင် ၂၅၀၀၀ကျပ်ဖြင့် ဝယ်ယူ၍ ကြိတ်ခွဲရပါသည်။ နေကြာဆီကြိတ်ခွဲရာတွင် နေကြာ တစ်တင်းလျှင် နေကြာဆီ (၃)ပိဿာခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ နေကြာ တစ်တင်းကြိတ်ခွဲရာတွင် ကုန်ကျစရိတ်အနေဖြင့် နေကြာတစ်တင်းလျှင် ၂၅၀၀၀ကျပ် ကြိတ်ခွဲခ ၃၀၀ကျပ်ဖြင့် စုစုပေါင်း ၂၅၃၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရှိရပါသည်။ ဝင်ငွေရရှိမှုမှာ နေကြာတစ်တင်းဆီကြိတ်လျှင် ၃ ပိဿာခန့်ထွက်ရှိ၍ နေကြာဆီတစ်ပိဿာလျှင် ၈၅၀၀ကျပ်ခန့်ရရှိပြီး ဝင်ငွေ ၂၅၅၀၀ကျပ်ခန့် ရရှိပါ သည်။ နေကြာ တစ်တင်းကြိတ်လျှင် နေကြာကြိတ်ဖတ် ၅ပိဿာထွက်ရှိပြီး တစ်ပိဿာလျှင် ၁၀၀၀ ကျပ် ခန့်ရရှိသဖြင့် စုစုပေါင်းဝင်ငွေရရှိမှုမှာ ၃၀၅၀၀ကျပ်ခန့်ရရှိသဖြင့် အကျိုးအမြတ်အနေဖြင့် နေကြာ တစ်တင်းဆီကြိတ်လျှင် ၅၂၀၀ကျပ်ခန့်ရရှိကြောင်း သိရပါသည်။
နေကြာဆီဈေးကွက်အနေဖြင့် နေကြာဆီသည် အနံပျင်းခြင်း၊ အာခေါင်ရှခြင်းတို့ကြောင့် ပဲဆီ၊ နှမ်းဆီနှင့်ယှဉ်ပါက စားသုံးသူများက ကြိုက်နှစ်သက်မှု နည်းပါးကြောင်းသိရပါသည်။ နေကြာဆီကို တချို့သော ကျန်းမာရေးလိုက်စားသူများနှင့် သွေးတိုး၊ ဆီးချိုသမားများမှ ကျန်းမာရေးအတွက် ဝယ်ယူစားသုံးကြသဖြင့် ဈေးမှာ ပဲဆီ၊ နှမ်းဆီ ကဲ့သို့ ဈေးတန်းတူနေပြီး တစ်ပိဿာလျှင် ၈၅၀၀-၉၀၀၀ကျပ်ခန့် ရောင်းချကြောင်းသိရပါသည်။
နေကြာသီးနှံကို တစ်ဧကထုတ်လုပ်မှု အကျိုးအမြတ်ရရှိရေးနှင့် တစ်တင်းထုတ်လုပ်မှုစရိတ် လျော့ချနိုင်ရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် နေကြာမျိုးစေ့များနှင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ခြင်း၊ အရည်အသွေးကောင်းမွန်ပြီး စားသုံးသူကြိုက်နှစ်သက်မည့် နေကြာဆီကြိတ်ခွဲနိုင်မည့် စက်များတပ်ဆင်ခြင်း၊ နေကြာဆီဈေးကွက် ပိုမိုရရှိလာနိုင်စေရေးအတွက် စားသုံးသူများ နေကြာဆီစားသုံးခြင်းဖြင့် ရရှိနိုင်မည့် အာဟာရတန်ဖိုးများသိရှိအောင် အသိပညာပေး အစီအစဉ်များပြုလုပ်ဆောင်ရွက်မည်ဆိုလျှင် နေကြာစိုက်ပျိုးထုတ်လုပ်သူနှင့် နေကြာဆီ ကြိတ်ခွဲထုတ်လုပ်သူများ အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)