၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် ဆန်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၃၅သန်းရရှိခဲ့သည့် ကမ္ဘောဒီးယား

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် ဆန်တန်ချိန် ၄၄၅၉၁၃တန်တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃၅သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ် (CRF) က ၁၄-၁၀-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ တင်ပို့ခဲ့သည့်ဆန်များတွင် ပရီမီယမ်ဆန်မွှေး၊ ရနံ့သင်းသောဆန်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်တို့ပါဝင်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားသည် ထို ၉လတာကာလတွင် ဆန်များကို နိုင်ငံများနှင့် ဒေသ ၆၅ခုကိုတင်ပို့ခဲ့ကြောင်းသိရပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၆သန်းတန်ကြေးရှိသည့် ဆန်တန်ချိန် ၈၁၄၂၃တန်ကို ကမ္ဘောဒီးယားထံမှဝယ်ယူခဲ့ပြီး ထိပ်ဆုံးက တင်သွင်းသူအဖြစ် ရပ်တည်နေကြောင်းသိရပါသည်။ ထို့ပြင် ဥရောပသမဂ္ဂနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၈၆သန်းတန်ဖိုးရှိသည့် ဆန်တန်ချိန် ၂၂၈၇၃၁တန်တင်ပို့ခဲ့ပြီး အာဆီယံသို့ အမေရိကန်ဒေါ်လာ ၅၂သန်းတန်ဖိုးရှိသည့် ဆန်တန်ချိန် ၈၆၀၄၃တန်တင်ပို့ခဲ့ကြောင်း သိရပါသည်။ ထုတ်လုပ်မှုနှင့် သိုလှောင်နိုင်စွမ်းမြင့်တက်လာခြင်းနှင့် ဆန်အရည်အသွေးစံနှုန်းမြှင့်တင်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘောဒီးယားဆန် နိုင်ငံတကာဈေးကွက်များသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း CRF ၏ ဥက္ကဋ္ဌဖြစ်သူ Chan Sokheang က ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်သည် ၂၀၂၅ခုနှစ်တွင် အနည်းဆုံး ဆန်တန်ချိန် ၁သန်းတင်ပို့ရန် ရည်မှန်းထားကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် စပါးစိုက်ခင်း ဟတ်တာ ၃.၅၄သန်းရှိပြီး နှစ်စဉ် စပါး ၁၂.၄၉ သန်းပုံမှန်ထုတ်လုပ်နိုင်ကြောင်းသိရပါသည်။ နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ Hun Manet ကလည်း လာအိုတွင်ကျင်းပခဲ့သည့် အာဆီယံညီလာခံတွင် ဆန်ကုန်သွယ်မှုနှင့်ပတ်သတ်၍ ဖိလစ်ပိုင်အပါအဝင် ပြည်ပခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။

Source : Khmer Times

DOCA(ရန်ကုန်)