ဒေသထွက်ကုန် တံမြက်စည်းဈေးကွက်

Powered by Drupal

           လက်ပံတန်းမြို့၊ မှော်အင်းအုပ်စု၊ လွှစင်ကုန်းကျေးရွာတွင် အိမ်တွင်းမှုလုပ်ငန်းဖြစ်သည့် တံမြက်စည်းလုပ်ငန်းကို အသေးစားအိမ်တွင်းမှု လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ကြမ်းအနေဖြင့် တံမြက်စည်းအဆံကိုသာ အဓိကထားအသုံးပြုပြီး ပဲခူးရိုးမတောင်ပေါ်မှ အဓိကကုန်ကြမ်းရရှိပါသည်။ ကုန်ကြမ်းဖြစ်သည့် တံမြက်စည်းအဆံကို ပြာသိုလပြည့်မှ တပို့တွဲလကုန်အထိသာ ကုန်ကြမ်းအနေဖြင့် တစ်နှစ်မှတစ်ကြိမ်သာရရှိပြီး ကုန်ကြမ်းများကိုလည်း တံမြက်စည်းလုပ်ရန် အထုံး (၄၀၀၀၊ ၅၀၀၀)ခန့် ဝယ်ယူစုဆောင်းသိုလှောင်ထားပါသည်။ တံမြက်ဆံအစည်း အပင်(၁၀၀) လျှင် ယခင်နှစ်က ကျပ် ၅၀၀ မှ ကျပ် ၆၀၀ အထိ ဝယ်ယူအသုံးပြုခဲ့ရပြီး ယခုနှစ်တွင် ကျပ် ၇၀၀မှ ၈၀၀ အထိ ဝယ်ယူအသုံးပြုခဲ့ရသည်။ တံမြက်စည်းပြုလုပ်သည့် ရိုးတံတစ်ချောင်းလျှင် ယခင်နှစ်က ကျပ် ၄၀မှ ၅၀ ကျပ်သာဝယ်ယူပြီး ယခုနှစ်တွင် ကျပ် ၅၀မှ ၆၀ထိ ဝယ်ယူ အသုံးပြုရသည်။ တံမြက်ဆံအပင်ကောင်းလျှင် တစ်စည်းလျှင် အများဆုံး (၃) ချောင်းခန့် ပြုလုပ်နိုင်ပြီး တံမြက်ဆံ အပင်နည်းလျှင် (၂) ချောင်းခန့် ပြုလုပ်နိုင်ပါသည်။

         တံမြက်စည်းတစ်ချောင်း၏ ကုန်ကျစရိတ်မှာ ပျှမ်းမျှကျပ် ၅၀၀ ခန့်အထိကုန်ကျပြီး တစ်ချောင်း ရောင်းရငွေကျပ်၈၀၀ အထိ‌ရောင်းချ၍ တစ်ချောင်းလျှင် ပျှမ်းမျှငွေ ၃၀၀ကျပ် အထိ အကျိုးအမြတ်ရရှိပါသည်။ တစ်ရက်လျှင် တံမြတ်စည်းအချောင်း၃၀ခန့်ပြုလုပ်နိုင်ပြီး ၁လလျှင်အချောင်း ၉၀၀ခန့် ပြုလုပ်နိုင်သည့်အတွက် တစ်နှစ်လျှင်ပျှမ်းမျှ (၁၀၉၅၀) ခန့်ပြုလုပ်လျက်ရှိပါသည်။ တံမြတ်စည်း ပြုလုပ်ခြင်းကို ဈေးကွက်အနေဖြင့် မိမိတို့မြို့နယ်မှ ရန်ကုန်နှင့် အခြားမြို့နယ်များအထိ လက်လီ၊  လက်ကားဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

        တစ်နှစ်ပါတ်လုံးလုပ်ကိုင်ရသော လုပ်ငန်းဖြစ်၍ မိသားစု(၅) ယောက်ခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါတံမြက်စည်းဈေးကွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ လာသောကြောင့် လက်ပံတန်းမြို့၊မှော်အင်းအုပ်စု၊ ကြက်ကလေးကျေးရွာမှလည်း အသေးစားအိမ်တွင်းမှုလုပ်ငန်းတစ်ခုဖြစ်သည့် တံမြတ်စည်းလုပ်ငန်းကို ဒေသအိမ်တွင်းမှုလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)