သုံးစွဲမှုတိုးလာခြင်းနှင့် နိုင်ငံတကာကျောက်မီးသွေးဈေးနှုန်းများကျဆင်းခြင်းတို့ကြောင့် စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှုသည် မြင့်မားခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် ကျောက်မီးသွေးစုစုပေါင်း မက်ထရစ်တန်ချိန် ၄၇.၅၉ သန်းတင်သွင်းခဲ့ပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလထက် ၁၃% တိုးလာကြောင်း နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များအရသိရသည်။ မကြာသေးမီရက်သတ္တပတ်များအတွင်း တရုတ်နိုင်ငံ၌ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍသည် ကြီးထွားလာခဲံပြီး ဓာတုဗေဒကဏ္ဍမှ ကျောက်မီးသွေးဝယ်လိုအားမှာလည်း တိုးလာကြောင်း လေ့လာသုံးသပ်သူများက Reuter သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဝယ်လိုအားများလာခြင်းနှင့် နိုင်ငံတကာဈေးနှုန်းများကျဆင်းခြင်းတို့ကြားတွင် တရုတ်နိုင်ငံသည် ပြည်တွင်း၌တူးဖော်ရရှိသော ကျောက်မီးသွေးထက် နိုင်ငံခြားမှတင်သွင်းသော ကျောက်မီးသွေးမှာ ဈေးသက်သာသောကြောင့် စက်တင်ဘာလတွင် စံချိန်တင်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကျောက်မီးသွေးသုံး အပူပိုင်းရင်းမြစ်များမှ တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထွက်ရှိမှုသည် ဩဂုတ်လတွင် ၃.၇% တိုးလာကြောင်း Reuter ဆောင်းပါးရှင် Clyde Russell ၏ တရားဝင်တရုတ်အချက်အလက်များအရသိရသည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာပြန်လည်ပြည့်ဖြိုးမြဲ ရင်းနှီးမြှုပ်နှံမှုများနှင့် တပ်ဆင်မှုများတွင် ဦးဆောင်နေပြီး နေရောင်ခြည်သုံးစက်ကိရိယာများ၊ လီသီယမ်ပြုပြင်ခြင်းနှင့် အခြားအရေးကြီးသော သတ္တုများတူးဖော်ခြင်းနှင့် ပြုပြင်ခြင်းအပါအဝင် သန့်ရှင်းသောစွမ်းအင်ထောက်ပံ့ရေးကွင်းဆက်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ တရုတ်နိုင်ငံသည် လျှပ်စစ်ဓာတ်အားလိုအပ်ချက်တိုးလာသည်နှင့်အမျှ အမြင့်ဆုံးဝယ်လိုအားကာလများတွင် စွမ်းအင်လုံခြုံရေးနှင့် တည်ငြိမ်သောလျှပ်စစ်ဓာတ်အားရရှိရေးတို့ကို သေချာစေရန်အတွက် ၎င်း၏ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ဆက်လက်တိုးချဲ့လျက်ရှိကြောင်းသိရပါသည်။
Source : oilprice
DOCA(ရန်ကုန်)