
ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) နှင့် ကမ္ဘောဒီးယား Oknha အသင်းတို့သည် ကမ္ဘောဒီးယားအစားအစာနှင့် စိုက်ပျိုးရေးထုတ်ကုန်များအား ပြင်သစ်နှင့်ဥရောပသမဂ္ဂသို့တင်ပို့ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Sun Chanthol နှင့် ပြင်သစ်နိုင်ငံမှ Smart Eden ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းနှင့် ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်လာသော ကမ္ဘောဒီးယား Oknha အသင်း၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Hun Lak တို့က ပူးတွဲသဘာပတိအနေဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ Lak ၏ အဆိုအရ Smart Eden လုပ်ငန်းသည် ဆန်၊ သီဟိုဠ်စေ့နှင့် သရက်သီးခြောက်တို့ကို ကမ္ဘောဒီးယားမှ ပြင်သစ်သို့တင်ပို့ရန် သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါသည်။ Chanthol က သီဟိုဠ်စေ့၊ သရက်သီး၊ သကြား၊ ထန်းလျက်၊ ငရုတ်ကောင်း အစရှိသော စိုက်ပျိုးရေးထွက်ကုန်များကို ဥရောပသမဂ္ဂရှိ ဈေးကွက်များသို့ တင်ပို့မှုမြင့်တက်လာသည့် အလားအလာကိုပြောကြားခဲ့ပြီး ပုဂ္ဂလိကကဏ္ဍအား ကမ္ဘောဒီးယားအစားအစာနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပဈေးကွက်များသို့ ပိုမိုတင်ပို့နိုင်ရန်အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအသစ်ထူထောင်ရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ဒုတိယဝန်ကြီးချုပ်က ထိုထုတ်ကုန်များသည် ကမ္ဘောဒီးယား၏ စီးပွားရေးကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် သိသာထင်ရှားစွာပါဝင်ရန် အလားအလာရှိကြောင်းနှင့် ပုဂ္ဂလိကုမ္ပဏီများအနေဖြင့် ပြည်တွင်းအလုပ်အကိုင်လစာရရှိမှုကိုအရှိန်မြှင့်တင်ရန် အခြားတင်ပို့မှုအသားပေးထုတ်ကုန်များတွင်လည်း ဆက်လက်ရင်းနှီးမြှုပ်နှံမှုဖြစ်နိုင်ချေကိုရှာဖွေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ CDC နှင့် အသင်းအကြား အစည်းအဝေးသည် စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှုအရှိန်မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယား၏စီးပွားရေးကို အမျိုးမျိုးကွဲပြားနိုင်စေရန် အစိုးရ၏ကတိကဝတ်ပြုမှုကို အသားပေးကျင်းပခဲ့ကြောင်း သိရပါသည်။ ယခုနှစ်၏ ပထမ(၉)လတာကာလတွင် ကမ္ဘောဒီးယားသည် ဆန်တန်ချိန် ၄၄၅၉၁၃တန်ကို ဆန်တင်ပို့သူ ၅၄ခုမှတစ်ဆင့် နေရာ ၆၅ခုကိုတင်ပို့ခဲ့ကြောင်းသိရပါသည်။ ထိုကာလအတွင်း ဥရောပနိုင်ငံ ၂၆နိုင်ငံသို့ ဆန်တန်ချိန် ၂၂၈၇၃၁တန်တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၁၈၆.၆၇ သန်းရရှိခဲ့ကြောင်းသိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)