ယခုနှစ် ပထမ ၉ လအတွင်း ရော်ဘာတင်ပို့မှုမှ ဒေါ်လာ ၃၉၇ သန်း ကမ္ဘောဒီးယား ရရှိ

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ပထမ ၉ လတွင် ရော်ဘာထုတ်ကုန် ၂၄၈၅၃၅ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉၇ သန်းကျော် ရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ရော်ဘာအစေးတန်ချိန် ၅၈၈၁ တန် ပိုမိုတင်ပို့လျက် ၂.၄၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ၁၈-၁၀-၂၀၂၄ ရက်နေ့၌ ရော်ဘာအထွေထွေညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့်အစီရင်ခံစာအရ သိရှိရသည်။

   ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ရော်ဘာထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၉၇ သန်းကျော်ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်း ယှဉ်ပါက ၂၃.၄၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ၌ ရော်ဘာဈေးနှုန်းမှာ ၁ တန်လျှင် ၁၆၉၄ ဒေါ်လာရှိပြီး ယခင်နှစ်ကာလတူထက် ၁ တန်လျှင် ၃၈ ဒေါ်လာ ပိုမိုလျက် ၂.၃၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ရော်ဘာသစ်တင်ပို့မှု၏ ပျမ်းမျှဈေးနှုန်းသည် ၁ ကုဗမီတာလျှင် ၂၈၉ ဒေါ်လာရှိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ ရော်ဘာအထွေထွေညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် Khun Kakada က ပြောကြားခဲ့သည်။

     ကမ္ဘောဒီးယားသည် ယခုအချိန်အထိ စုစုပေါင်းမြေဧရိယာ ၄၀၇၁၇၂ ဟက်တာတွင် ရော်ဘာပင်များ စိုက်ပျိုးထားပြီး အဆိုပါဧရိယာအနက် ၃၂၀၁၈၄ ဟက်တာ (သို့မဟုတ်) ၇၈.၆ ရာခိုင်နှုန်းသည် ရော်ဘာအစေးခြစ်ရန်လုံလောက်သော အရွယ်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းဆိုင်ရာ ရော်ဘာဧရိယာသည် ၂၂၆၈၄၀ ဟက်တာ သို့မဟုတ် ၅၅.၇၁ ရာခိုင်နှုန်းနှင့် မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်သည့် ရော်ဘာဧရိယာသည် ၁၈၀၃၃၂ ဟက်တာ သို့မဟုတ် ၄၄.၂၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။

   ၂၀၂၄ ခုနှစ်တွင် ရော်ဘာစျေးနှုန်းများ တိုးတက်လာပြီး ပြည်တွင်း၌ ရော်ဘာထုတ်လုပ်မှု၊ ရော်ဘာတင်ပို့မှုနှင့် မိသားစု ရော်ဘာလုပ်ငန်းအတွက် အမြတ်အစွန်းပိုမိုရရှိမှု တို့သည်လည်း တိုးတက်ခဲ့ကြောင်း၊ အနာဂတ်တွင် တာယာစက်ရုံများ ပိုမိုတည်ဆောက်လာနိုင်ဖွယ်ရှိမှုနှင့်အတူ ပြည်တွင်းရှိ တာယာစက်ရုံ ၃ ခုမှ ဝယ်လိုအား ပိုမိုများပြားလာရန် မျှော်လင့်ထားပြီး ရလဒ် အနေဖြင့် ရော်ဘာဝယ်လိုအားများ မြင့်တက်လာမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း (CCC) ၏ ဒုတိယဥက္ကဋ္ဌ Lim Heng က ၂၀-၁၀-၂၀၂၄ ရက်နေ့တွင် Khmer Times သို့ ပြောကြားခဲ့သည်။

   သက်တမ်းအရင့်ဆုံး ရော်ဘာပင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နှင့် ရော်ဘာအစေးခြစ် ပြိုင်ပွဲကို ယခုနှစ် နိုဝင်ဘာလတွင် Tbong Khmum ပြည်နယ်ရှိ Chup ရော်ဘာခြံ၌ ကျင်းပမည် ဖြစ်ကြောင်း၊ ဧရိယာ ၁၄ ဟက်တာရှိသော အဆိုပါရော်ဘာခြံသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရော်ဘာအပင် အများဆုံးစိုက်ခင်းအဖြစ် အပင်အို ၄၄၈ ပင် ရှင်သန်ကျန်ရှိနေပြီး ကမ္ဘောဒီးယား နိုင်ငံ၏ စိုက်ပျိုးရေးပတ်ဝန်းကျင်နှင့်အညီ အထွက်နှုန်းမြင့်မားသော ရော်ဘာမျိုးကွဲများကို ရှာဖွေရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရှိရသည်။

Source: Khmer Times, 21 October, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)