၂၀၂၅ ခုနှစ်၌ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု တန်ချိန် ၄.၉ သန်းသို့ မြင့်တက်ဖွယ်ရှိ

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံ၌ အယ်လ်နီညို၊ လာနီနာနှင့် မကြာသေးမီက တိုက်ခတ်သွားသည့် တိုင်ဖွန်းမုန်တိုင်းများကြောင့် ပြည်တွင်း ဆန်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေသဖြင့် ၂၀၂၄ ခုနှစ်နှင့် လာမည့်နှစ်တို့တွင်လည်း ဆန်ပိုမို တင်သွင်းလျက် ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်နေဖွယ်ရှိ ပါသည်။

     အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုဌာနက နောက်ဆုံးထုတ်ပြန်ခဲ့သော ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်နှင့် ကုန်သွယ်မှု အစီရင်ခံစာတွင် ဖိလစ်ပိုင် နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၄.၇ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ဗီယက်နမ်ဆန်ကို တိုးမြှင့်ဝယ်ယူလျက်ရှိမှုအရ ယခင်အကြိမ် ခန့်မှန်းချက်ထက် ၂.၂% တိုးမြှင့် ဖော်ပြထားပါသည်။ ဒေသခံ လယ်ယာလုပ်ငန်းများမှ သီးနှံအထွက် နည်းပါးနိုင်ခြေရှိမှု ကြောင့် ရှေ့လာမည့်နှစ်တွင်လည်း ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှုသည် တန်ချိန် ၄.၉ သန်းအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

    အိန္ဒိယ၏ ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲများသည် ကမ္ဘာ့ဆန်ရောင်းလိုအားကို မြင့်မားစေလျက် ဈေးနှုန်းများကျဆင်းစေမည်ဟု မျှော်လင့်ရသော်လည်း အာဖရိကနှင့် အာရှရှိ ဈေးကွက် အများအပြားမှ ဝယ်လိုအား မြင့်မားမှုကြောင့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဆန်တင်သွင်းမှုများ မြင့်တက်လာနိုင်ကြောင်း၊ ဖိလစ်ပိုင်၏ ကြိတ်ခွဲပြီးဆန် ထုတ်လုပ်မှုသည် ယခုနှစ်၌ တန်ချိန် ၁၂.၇ သန်းရှိပြီး ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၂.၃ သန်းသို့ ကျဆင်းနိုင်ကြောင်း အဆိုပါအစီရင်ခံစာ၌ ခန့်မှန်းထားသည်။

     ဖိလစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဗျူရို၏ အဆိုအရ အောက်တိုဘာ ၃ ရက်အထိ ဆန်တန်ချိန် ၃.၂၉ သန်း တင်သွင်းခဲ့ရာ ဗီယက်နမ်ထံမှ တန်ချိန် ၂.၆၁ သန်းဖြင့် အများဆုံးဖြစ်ပြီး ၎င်း၏ နောက်တွင် ထိုင်းနိုင်ငံမှ တန်ချိန် ၄၁၆၀၀၀ ကျော်နှင့် ပါကစ္စတန်ထံမှ တန်ချိန် ၁၅၇၅၀၀ ကျော် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source: Vietnam Plus, 16 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)