
ဖိလစ်ပိုင်နိုင်ငံ၌ ရာသီဥတု ဆိုးရွားမှုဒဏ်ကို ကြုံတွေ့ရပြီးနောက် လယ်သမားများက ၎င်းတို့၏ စိုက်ပျိုးမှုဧရိယာကို လျှော့ချခဲ့ကြရာ ၂၀၂၄ ခုနှစ် တတိယ သုံးလပတ်တွင် စပါးအထွက် ပမာဏသည် နှစ်စဉ်ထုတ်လုပ်မှု မက်ထရစ်တန်ချိန် ၃.၄ သန်းအောက်သို့ ၁၂ ရာခိုင်နှုန်း ကျဆင်း နိုင်ကြောင်း Philippine Star သတင်းဌာနက ဖော်ပြထားပါသည်။
ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) ၏ နောက်ဆုံးခန့်မှန်းချက်အရ ဇူလိုင်လမှ စက်တင်ဘာလအတွင်း စပါးထွက်ရှိနိုင်မှုသည် မက်ထရစ်တန်ချိန် ၃.၃၅ သန်းရှိပြီး ယမန်နှစ် အလားတူကာလက မှတ်တမ်းတင်ထားသည့် ပမာဏ တန်ချိန် ၃.၈ သန်းထက် ၁၁.၉ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်သည်။ စပါးစိုက်ဧရိယာများ လျော့ကျခြင်းက PSA အနေဖြင့် တတိယသုံးလပတ်အတွက် ခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ရန် တွန်းအားဖြစ်ပေါ်ခဲ့သည်။ ယခုနောက်ဆုံး အကြိမ်ခန့်မှန်းချက်သည် PSA ၏ ပထမအကြိမ်၌ ခန့်မှန်းထားသည့် စပါးတန်ချိန် ၃.၃၉ သန်းအောက် တန်ချိန် ၄၀၀၀၀ လျော့နည်းလျက်ရှိသည်။ ထို့အပြင် ၂၀၁၉ ခုနှစ် တတိယသုံးလပတ်၌ စပါးတန်ချိန် ၃.၀၅ သန်း ထွက်ရှိခဲ့မှု နောက်ပိုင်း ၅ နှစ်တာအတွင်း အနိမ့်ဆုံးလည်းဖြစ်သည်။
စက်တင်ဘာ ၁ ရက်နေ့ရှိ စိုက်ပျိုးထားဆဲသီးနှံအပေါ် အခြေခံ၍ ၂၀၂၄ ခုနှစ် တတိယ သုံးလပတ်တွင် စပါးရိတ်သိမ်းနိုင်မည့် ဧရိယာသည် ၇၉၆၂၈၀ ဟက်တာရှိမည်ဟု PSA က ခန့်မှန်း ထားရာယခင်နှစ် ကာလတူ၌ ရိတ်သိမ်းခဲ့သော ဧရိယာ ၉၂၆၉၂၀ ဟက်တာအောက်သို့ ၁၄.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သို့ရာတွင် စပါးအထွက်နှုန်းမှာမူ ယခင်နှစ်၌ ထွက်ရှိခဲ့သော ၁ ဟက်တာလျှင် ၄.၁ တန်ထက် ၂.၄ ရာခိုင်နှုန်းတိုးတက်လျက် ယခုနှစ်တွင် ၁ ဟက်တာလျှင် ၄.၁ တန်အထိ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ စိုက်ပျိုးထားဆဲ စပါးစိုက်ဧရိယာ စုစုပေါင်း အနက် ၃၁၀၇၈၀ ဟက်တာခန့်ကို ရိတ်သိမ်းခဲ့ပြီး စပါးတန်ချိန် ၁.၃၁ သန်း ခန့်ထွက်ရှိကြောင်း သိရသည်။
ရိတ်သိမ်းရန်ကျန်ရှိနေသေးသည့် စပါးစိုက်ခင်း ၄၈၅၅၀၀ ဟတ်တာ၏ ၁၆.၅ ရာခိုင်နှုန်းမှာ မျိုးပွားပြီးအဆင့်တွင်ရှိပြီး ကျန်ဧရိယာများသည် ရင့်မှည့်သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း PSA ကပြောဆိုသည်။ PSA ၏ ခန့်မှန်းချက်အတိုင်း တတိယသုံးလပတ်အတွက် စပါးရတ်သိမ်း ထွက်ရှိခဲ့ပါက နိုင်ငံ၏ ဇန်နဝါရီလမှ စက်တင်ဘာလအထိ စပါးအထွက်ပမာဏသည် အနည်းဆုံး တန်ချိန် ၁၁.၈၈ သန်းသို့ ရောက်ရှိမည်ဖြစ်ပြီး ယခင်နှစ်ကာလတူ ၉ လတာ၌ ထွက်ရှိခဲ့သော စပါးတန်ချိန် ၁၂.၈၂၄ သန်းအောက် ၇.၄ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်ပါသည်။
Source: The Philippine Star, 17 Oct 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)