
အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ယခုနှစ်အတွက် နဝမအကြိမ်မြောက် ဆန်အဝယ်တင်ဒါခေါ်ယူမှုကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ကြေညာခဲ့ရာ လွန်ခဲ့သော ခြောက်လထက် မစောစေပဲ ကြိတ်ခွဲထုတ်လုပ်ထားသည့် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူ မက်ထရစ်တန် ၅၀၀၀၀၀ ကို ဝယ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
ယခု တင်ဒါခေါ်မှုတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်နှင့် အိန္ဒိယ ပင်ရင်းနိုင်ငံများမှ ဆန်များကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ၂၀ ရက်နေ့အတွင်း အင်ဒိုနီးရှားနိုင်ငံ ဆိပ်ကမ်းသို့ အရောက် ဝယ်ယူတင်သွင်းမည်ဖြစ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ပုံစံများကို အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့အတွင်း သတ်မှတ်နေ့ရက်အလိုက် ပေးပို့ရမည်ဖြစ်ပြီး အပြီးသတ်တင်ဒါအောင်မြင်သူစာရင်းကို နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း အဆိုပါကြေညာချက်၌ ဖော်ပြထားသည်။
S&P Global ဈေးကွက်လေ့လာဆန်းစစ်ရေးအဖွဲ့၏ အင်တာနက်ဝက်ဘ်ဆိုက်၌ ဖော်ပြ ချက်အရ Bulog အဖွဲ့သည် နောက်ဆုံး ခေါ်ယူခဲ့သော အဋ္ဌမအကြိမ်တင်ဒါအတွက် အောင်မြင်သူ ရလဒ်ကို စက်တင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ ပါကစ္စတန်၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်းနိုင်ငံများရှိ ပေးသွင်းသူများထံမှ ဆန်တန်ချိန် ၄၅၀၀၀၀ ကို သင်္ဘောတင်စရိတ်နှင့် သယ်ယူ ပို့ဆောင်ခများ ပါဝင်သော CNF ဈေးနှုန်း ၁ တန်လျှင် ၅၃၉.၃၄ ဒေါ်လာမှ ၅၇၄ ဒေါ်လာအတွင်း နှုန်းထားဖြင့် ဝယ်ယူခဲ့ကြောင်း၊ မြန်မာကုမ္ပဏီများက အနိမ့်ဆုံးဈေးနှုန်းဖြင့်လည်းကောင်း၊ ထိုင်းကုမ္ပဏီများက အမြင့်ဆုံးဈေးနှုန်းဖြင့်လည်းကောင်း ကမ်းလှမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အဋ္ဌမအကြိမ်တင်ဒါ၌ ပါကစ္စတန်မှ ဆန်ပေးသွင်းသူများသည် စုစုပေါင်း လေလံ ၁၅ စောင်အနက် ဆန်တန်ချိန် ၂၃၈၁၀၀ အတွက် လေလံ ၈ စောင်ကို အောင်မြင်ခဲ့သည်။ ဆန်တန်ချိန် ၁၂၁၁၀၀ အတွက် လေလံ ၄ စောင်ကို မြန်မာကုန်သည်များကလည်းကောင်း၊ တန်ချိန် ၅၉၀၀၀ အတွက် လေလံ ၂ စောင်ကို ဗီယက်နမ်လုပ်ငန်းရှင်များကလည်းကောင်း၊ ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၃၁၈၀၀ အတွက် လေလံ ၁ စောင်တည်းကိုလည်းကောင်း အသီးသီးအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
အင်ဒိုနီးရှား Bulog အေဂျင်စီသည် ယခင်နှစ်၌ ဝယ်ယူခဲ့သော ဆန်တန်ချိန် ၃.၈ သန်းမှ လျှော့ချလျက် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၃.၆ သန်း တင်သွင်းရန် ခွဲတမ်းသတ်မှတ်ထားသည်။ ယခုပြက္ခဒိန်နှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဆန်အဝယ်တင်ဒါ ၉ ကြိမ် ခေါ်ယူခဲ့ပြီး လွန်ခဲ့ သော တင်ဒါ ၈ ကြိမ်၌ စုစုပေါင်းဆန်တန်ချိန် ၂.၆ သန်းကို ဝယ်ယူထားပြီးဖြစ်သည်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့မှုဖြစ်ပေါ်ခြင်းက အင်ဒိုနီးရှားနိုင်ငံ၏ စပါးစိုက်ပျိုးမှုကို နှောင့်နှေးမှုဖြစ်စေပြီး ဆန်အထွက်ပမာဏ လျော့ကျနိုင်မှုနှင့်အတူ ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ရောင်းလိုအားကျပ်တည်းသည့် အခြေအနေအရ အင်ဒိုနီးရှားအနေဖြင့် အဆိုပါခွဲတမ်း သတ်မှတ် ချက်ကို အပြည့်အဝ တင်သွင်းဖွယ်ရှိသည်ဟု ဈေးကွက်အရင်းအမြစ်များက ပြောဆိုထားသည်။
S&P Global သုတေသနအဖွဲ့မှ လေ့လာဆန်းစစ်သူများက အင်ဒိုနီးရှားနိုင်ငံ၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်တွင် ပုံမှန်ထုတ်လုပ်မှု အဆင့်အတန်းဖြစ်သော ဆန်တန်ချိန် ၃၄ သန်းမှ ၃၄.၅ သန်းအတွင်းသို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော် အမေရိကန်စိုက်ပျိုးရေးဌာနကမူ ၎င်းဈေးကွက်နှစ်အတွင်း အင်ဒိုနီးရှား၏ ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၃၄ သန်းခန့်သာရှိမည်ဟု တွက်ဆထားသည်။
Source: (1) Invitation No. PU-12/DP000/PD.04.01/10/2024 dated 24 Oct 2024 of BULOG, Indonesia
(2) S&P Global, 21 Oct 2024
(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)