
ယခုနှစ်၏ ပထမ ၉လတာကာလတွင် ကမ္ဘောဒီးယား၏ ဥရောပသမဂ္ဂ (EU) သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၂၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၂၀% နီးပါးမြင့်တက်ခဲ့ကာ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၇၄၃သန်းတန်ဖိုးရှိခဲ့ပြီး ၁.၆% ကျဆင်းခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ စပိန်နှင့် ဂျာမနီသည် EV တွင် ကမ္ဘောဒီးယား၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၂၂သန်းနှင့် အမေရိကန်ဒေါ်လာ ၇၈၄သန်း အသီးသီးရှိကြောင်းသိရပါသည်။ EU ရှိ အခြားကုန်သွယ်ဖက်နိုင်ငံများမှာ ပြင်သစ်၊ ဘယ်ဂျီယမ်နှင့် နယ်သာလန်တို့ဖြစ်ကြောင်းသိရပါသည်။ EU သို့ တင်ပို့မှုမြင့်တက်လာခြင်းသည် ကမ္ဘောဒီးယားထုတ်ကုန်များက ကြီးမားသောမှာယူမှုများအား ဖြည့်ဆည်းနိုင်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်းနှင့် ဥရောပ၏ ကြီးမားလာသောလိုအပ်ချက်ဖြည့်ဆည်းနိုင်ခြင်းကိုပြသနေသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးဖြစ်သူ Penn Sovicheat ကပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား၏ EU သို့ အဓိကပို့ကုန်များမှာ အဝတ်အထည်၊ ဖိနပ်၊ စက်ဘီး၊ စားသောက်ကုန်များ၊ ဆန်နှင့် အခြားစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြစ်ကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံကုန်သည်များအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Lim Heng ကလည်း ကမ္ဘောဒီးယား ထုတ်ကုန်များ EU သို့ တင်ပို့မှုမြင့်တက်လာခြင်းသည် ဈေးကွက်တွင် ကမ္ဘောဒီးယားထုတ်ကုန်များအတွက် ဝယ်လိုအားမြင့်တက်လာခြင်းနှင့် အရည်အသွေးစံနှုန်းပြည့်မီခြင်းကို ရောင်ပြန်ဟပ်ကြောင်းပြောကြားခဲ့ပါသည်။ ဩဂုတ်လတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သော Combodia-Europ Public-Private Sector Dialogue သည် ဥရောပရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်ရန်နှင့် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်အတွက် ခိုင်မာသောလုပ်ထုံးလုပ်နည်းတည်ထောင်ရန်ဖြစ်ကြောင်းသိရပါသည်။
Source : Khmer Times
DOCA(ရန်ကုန်)