မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဖြင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ရည်ရွယ်၍ (၂၃.၁၀.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကျောင်းကြားရပ်ကွက်ရှိ ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်တာဝန်ခံမှ အသိပညာပေးဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက် စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်း အမှတ်အသားဖော်ပြချက်၊ ပုဒ်မ(၄၁)(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ကြေငြာချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှုရှိမှသာ လုံခြုံစိတ်ချရသော ကုန်စည်ဖြစ်ကြောင်း လုပ်ငန်းရှင်အား အသိပညာပေး ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ သိရှိလိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)