ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် မြေအောက်ရေတင်စနစ်ဖြင့် မုံညှင်းစိုက်ပျိုး ဝင်ငွေတိုး

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း မုံညှင်းကိုစိုက်ပျိုးကြပြီး စိုက်ပျိုးချိန်သည် တော်သလင်းလမှ တပို့တွဲလအထိစိုက်ပျိုးနိုင်ကြောင်း၊ မုံညင်းပင်ကို မြေပေါင်တင်၍ ပျိုးပင်များကိုစိုက်ပျိုးကြသည့်အပြင် မြေပေါင်မတင်ဘဲ မြေပြန့်တွင် အစေ့တိုက်ရိုက်ချစနစ်ဖြင့် စိုက်ပျိုးကြသည်ကိုလည်းတွေ့ရှိရပါသည်။
မုံညင်းပျိုးပင်ကို မြေပေါင်တင်စိုက်ပျိုးလျှင် အစေ့ကိုပျိုးထားပြီး တော်သလင်းလတွင် စိုက်ပျိုးကာ တန်ဆောင်မုန်းလတွင် စတင်ခူးဆွတ်ရောင်းချရပါသည်။ မုံညင်းပင်ကို မြေပေါင်မတင်ဘဲ မြေပြန်တွင် အစေ့တိုက်ရိုက်ချစနစ်ဖြင့်စိုက်ပျိုးလျှင် တစ်လခွဲခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရပါသည်။ မုံညှင်းပင်မှာ ဆောင်းရာသီတွင် အများဆုံးစိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသော သီးနှံပင်ဖြစ်၍ စီးပွားရေးအရ တွက်ခြေကိုက်သဖြင့် စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းနှင့် မုံညင်းအဖူးအညွှန့်ပေါ်စက တစ်စည်းလျှင် (၅၀၀)ကျပ်ဈေးဖြင့် စတင်ရောင်းရကာ ယခုနိုဝင်ဘာလတွင် တစ်စည်းလျှင် (၃၀၀)ကျပ်၊ နှစ်စည်းယူလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်းနှင့် မုံညှင်းဖူး၏ ကျန်းမာရေးကောင်းကျိုးများအနေဖြင့် အသည်းနှင့်သွေးကိုသန့်စင်စေခြင်း၊ ကိုလက်စထရောကိုကျဆင်းစေခြင်း၊ အမျှင်ဓာတ်ကြွယ်ဝခြင်း၊ ဖိုင်တိုအဟာရဓာတ်များစေခြင်း၊ အရိုးကိုသန်မာစေခြင်း၊ ကိုယ်ခံစွမ်းအားကို ကောင်းစေသော ဗီတာမင်စီကြွယ်ဝခြင်း၊ အသားအရေနှင့် မျက်လုံးကို ကျန်းမာစေသည့် ဗီတာမင်အေပါဝင်ခြင်းတို့ကြောင့် မုံညင်းသည်လည်း အများဆုံးစားသုံးသင့်သည့် အရွက်တစ်မျိုးဖြစ်ကြောင်းနှင့် မိမိတို့စိုက်ခင်းမှရရှိသော မုံညင်းဖူးများကို ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ ဖောက်သည်များထံနှင့် မိမိကိုယ်တိုင် ဈေးတွင်ထိုင်ရောင်းချကာ အရောင်းအဝယ်ဖြစ်ပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာအတွင်းရှိ မုံညင်းစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)