ခဝဲသီးစိုက်ပျိုးခြင်းနှင့်ခဝဲသီးစျေးကွက်

Powered by Drupal

                ခဝဲပင်သည် ဘူး၊ ဖရုံမျိုးရင်း၌ပါဝင်၍ နှစ်စဉ်စိုက်ပျိုးရသောအပင်မျိုးဖြစ်သည်။ နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ပေါက်တတ်သည်။ ခဝဲသီးသည် အလျား၇လက်မမှ ၁၅လက်မခန့်အထိရှည်သည်။ ခဝဲပင်၏ အဖျားပိုင်းသည် အနည်းငယ်ထွား၍ အညှာဖက်သို့သေးသွယ်သွား၏။ လတ်ဆက်နေချိန်၌ ခဝဲသီးသည်အစိမ်းရင့်ရောင်ရှိသည်။ သခွားသီးကဲ့သို့လုံးချောမနေဘဲ စောင်းပါရှိသည်။ အရည်ရွှမ်း၍ ပွသည်။ အစေ့မှာသခွားစေ့နှင့်တူသည်။ ခဝဲပင်ကို အသီးအတွက်စိုက်ပျိုးကြသည်။ ခဝဲပင်သည် အမျိုးအစား(၂)မျိုးရှိသည်။ တစ်မျိုးမှာ အပုမျိုးဖြစ်ပြီး(၅-၆)လက်မခန့်ရှည်ပြီး အမြီးပိုင်းတုတ်ပြီး အဖျားပိုင်းရှူးသွားသည်။ ကျန်တစ်မျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်၍အရင်းအဖျားညီညာပြီး တစ်ဖြောင့်တည်းသေးသွယ်သည်။ ခဝဲပင်ကို မိုးရာသီဖြစ်သော ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် အစိုက်များပြီး စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ခူးဆွတ်ကြသည်။ မြေပြန့်ဒေသများတွင်ဆောင်းနှင့်နွေတွင်  စိုက်ပျိုးနိုင်သော်လည်း ရေဝအောင်ပေးရပါသည်။ ဆောင်းရာသီတွင် အောက်ခြေမှငါးပေအထိအသီးအပွင့်များကိုခြွေပြီးမှ အပေါ်အဆစ်များမှအသီးများကိုယူသင့်သည်။ မိုးဒဏ်ကိုခံနိုင်ရည်ရှိပြီး စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့်သာ အစိုက်များသည်။

               ခဝဲစေ့ကို တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုး၍ရသလို ‌ဘောင်တင်ပြီးစိုက်ပျိုး၍လည်းရပါသည်။ တစ်ဧကစာ ကျဲဖြန့်စိုက်ပျိုးရန်အတွက်မျိုးစေ့ (၂-၃)ပေါင်ခန့် လိုအပ်ပါသည်။ မျိုးစေ့ကို အညှောင့်ဖောက်၍ စိုက်ဘောင်ပေါ်တွင် တစ်ပေကြားလက်မဝက်ခန့်မြှုပ်၍စိုက်ပျိုးရပါသည်။ စိုက်ဘောင်ကို နှစ်ပေအကျယ်၊ တစ်ပေအမြင့်ဆွဲ၍ တစ်ဘောင်နှင့်တစ်ဘောင်ငါးပေခြားဆွဲပါ။ တစ်ဧကလျှင် အပင်၈၀၀၀၀ခန့်ရရှိအောင် စိုက်ပျိုးပါသည်။  စင်ပေါ်သို့မရောက်မှီ ကြားဝါးတန်းများကို တစ်ပေခြားကန့်လန့်ဖြတ်ချည်ပေးရပါမည်။ မိုးအနည်းငယ်ရွာသွန်းသောဒေသများတွင် ခဝဲပင်ကိုစင်မထိုးဘဲစိုက်ပျိုးကြသည်။ အကြောင်းမှာ စိုစွတ်သောမြေပေါ်တွင် ကြာမြင့်စွာခဝဲသီးကျနေပါက ပုပ်လွယ်တတ်သောကြောင့်ဖြစ်သည်။ အပင်သက်တမ်း(၇၅-၈၀)ရက်ရှိသော အသီးများကိုဆွတ်ခူးနိုင်သည်။ ရင့်သည်အထိထားပြီးဆွတ်ခူးလျှင် အမျှင်များပါပြီး စား၍မကောင်းတော့သောကြောင့်ဖြစ်ပါသည်။ တစ်ဧကလျှင် အသီးအလုံးရေ (၂၀၀၀၀-၃၀၀၀၀)အထိရရှိနိုင်သည်။ ကုန်ကျစရိတ်မှာ ဝါးစင်ဖိုးနှင့်အထွေထွေစရိတ်စကများ အပါအဝင်ကျပ်(၂၅၀၀၀၀)ခန့်ကုန်ကျကြောင်းသိရပါသည်။ စိုက်ပျိုးပြီး(၂)လအကြာတွင် ခူးဆွတ်နိုင်သည်။ ခဝဲသီးကို တစ်ရက်ခြားတစ်ခါခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် အတောင့်ရေ(၂၀၀)ခန့်ရရှိကြောင်းသိရပါသည်။ ကုန်စိမ်းဒိုင်များသည် စိုက်ခင်းထဲထိလာရောက်ဝယ်ယူကြပြီး တစ်တောင့်လျှင် လက်လီစျေး(၅၀၀)ကျပ်ဖြစ်ပြီး လက်ကားစျေးမှာ (၇၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ခဝဲသီးသည် တာရှည်အထားခံသော အသီးမျိုးမဟုတ်ကြောင်းသတိပြုသင့်ပါသည်။ တောင်သူများ၏ အကျိုးအမြတ်အနေဖြင့် ကျပ်(၅)သိန်းခန့် ရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)