ကျွဲကောသီးများသည် ယခုလအတွင်း အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရရှိနေပါသည်။ ဈေးကောင်းရရှိသည့်အကြောင်းမှာ ဝါလကင်းလွတ်အချိန်တွင် လူကြီးသူမများအားလက်ဆောင်ပေးခြင်း၊ ဘုရားများတွင် ဆွမ်းတော်ကြီးကပ်လှူခြင်းများပြုလုပ်ကြသည့်အတွက်ကြောင့်ပင် ဈေးကွက်အတွင်းကျွဲကောသီးများအရောင်းအဝယ်ဖြစ်နေပါသည်။ ခြံသမားများမှကျွဲကောသီးများကို တစ်နိုင်စီးပွားရေးအဖြစ်သာ စိုက်ပျိုးကြပါသည်။ အောက်တိုဘာလတွင် ကျွဲကောသီးအများဆုံးထွက်ရှိပါသည်။ နိုဝင်ဘာလတွင်ရောင်းချသော ကျွဲကောသီးဈေးနှုန်းများမှာ ပန်းရောင်သီးအလုံးကြီး တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ အဝါရောင်အလုံးကြီး တစ်လုံးလျှင် (၂၀၀၀) ကျပ်နှုန်းရရှိပါသည်။ ကျွဲကောသီးများသည် နေရာဒေသအလိုက် အများအပြားစိုက်ပျိုးကြပြီး ရွှေတောင်မြို့နယ်အတွင်းရှိဒေသများဖြစ်သော တောင်လုံးညိုရွာတွင် ကျွဲကောသီးများကို စိုက်ပျိုးကြပါသည်။ ကျွဲကောသီးများကို ရန်ကုန်မြို့သို့ ကုန်စည်ဒိုင်များမှတစ်ဆင့် တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)