ပြည်မတ်ပဲဈေးနှုန်းများ သင်္ကြန်ပြီးကာလ ဈေးပြန်မြင့်တက်လာခဲ့

Powered by Drupal

         ပြည်ပဲမျိုးစုံ ဈေးကွက်မှာ မတ်ပဲသီးနှံဈေးများ၊ သင်္ကြန်ကာလမတိုင်ခင်ဈေးနှင့် နှိုင်းယှဉ်ပါက ဈေးပြန်မြင့်တက်လာသည်ကို တွေ့ရှိရပြီး ဗဟိုဘဏ်၏ ဒေါ်လာငွေအပေါ် မူဝါဒပြောင်းလဲမှုများကြောင့် ပဲဈေးကွက်ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့၍ အခိုက်အတန့်ဈေးနှုန်းများကျဆင်းသွားခဲ့သော်လည်း ယခုအချိန်တွင် ပဲဈေးနှုန်းများမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ပိဿာ(၂၀)တစ်တင်း(၄၉၀၀၀)ကျပ်ဖြင့် ယခုကာလ ပဲအဝင်နည်းပြီး လိုင်းသမားများ ပုံမှန်အဝယ်ရှိ၍ အိတ် ၂၀၀ကျော် နေ့စဉ်ရောင်းချမှုရှိကြောင်း သိရှိရပါသည်။

            လှောင်ပဲလက်ကျန်များရှိခဲ့သော်လည်း လှောင်သမားများနှင့် ပဲစိုက်တောင်သူအချို့အနေဖြင့် ထုတ်လုပ်ရောင်းချမှုမရှိဘဲ ဆက်လက်၍ သိုလှောင်ထားသည်ကို တွေ့ရှိရပါသည်။ယခင်နှစ်က မတ်ပဲသီးနှံဈေးမှာ ယခုလို ကာလသင်္ကြန်ပြီးချိန်တွင် တစ်တင်းလျှင် ၃၀၀၀၀အောက်သာ ရောက်‌ရှိခဲ့ပြီး မေလ နောက်ဆုံးပတ်မှစ၍ ပဲဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက်လာခဲ့သောကြောင့် စက်တင်ဘာလ၊ အောက်တိုဘာလများတွင် ပဲတစ်တင်းကျပ် ၅၀၀၀၀-၆၀၀၀၀ကျပ်ထိ ဈေးမြင့်လာခဲ့၍ လှောင်သမားများ အကျိုးအမြတ်ရရှိခဲ့သော နှစ်ဖြစ်ခဲ့ပြီး ပဲစိုက်တောင်သူအများစုသည် ပဲပေါ်ချိန်တွင် ရောင်းချမှုများကြသည့်အတွက် အကျိုးအမြတ် နည်းသည်ဟုသိရှိရပါသည်။ ယခုနှစ်ပဲသစ်ပေါ်ချိန် ကာလအတွင်း မတ်ပဲသစ်ဈေးများ ဈေးကောင်းရရှိခဲ့ပြီး တစ်တင်းကျပ် ၄၀၀၀၀ကျော်အထိ ရရှိခဲ့သောကြောင့် ပဲစိုက်တောင်သူများ အကျိုးအမြတ်ပိုရရှိခဲ့သောနှစ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)