ပြည်ပဲမျိုးစုံဈေးကွက် ပြည်တွင်းဝယ်လက်ပဲများပြီး ဈေးကောင်းရ

Powered by Drupal

             ယခုတစ်ပတ် ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်ပဲများထဲတွင် ပဲတီစိမ်းနှင့် ပဲစင်းငုံသီးနှံ ပဲသစ်ဝင်ရောက်မှု လျော့နည်းပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း အေးလျက်ရှိခဲ့ရာ ပြည်တွင်းဝယ်လက် ပဲသီးနှံ များမှာဖြင့် ပုံမှန်ဝင်ရောက်နေပြီး အရောင်းအဝယ်မှာလည်း သွက်နေသည်ကိုတွေ့ရှိရပါသည်။ ကုလားပဲနှင့် ပဲကြီးသီးနှံများမှာ ပြည်ဈေးကွက်သို့ တစ်ရက်လျှင်အိတ်၁၀၀/၂၀၀ကျော်ဝင်ရောက်ခဲ့ပြီး ဝယ်လိုအားအနေဖြင့် ဒေသတွင်းပဲခွဲစက်သမားများနှင့် ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူနေကြသည့်အတွက် အဝယ်ရှိသလောက်ရောင်းချမှုများလည်းရှိသလို ရန်ကုန်လိုင်းသမားများလည်း ပုံမှန်ဝယ်ယူနေကြသည်ဟု သိရှိရပါသည်။

         ကုလားပဲသီးနှံဈေးမှာ တစ်တင်း ၄၃၀၀၀ ကျပ်မှ ၄၅၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်နှစ် ကာလပေါက်ဈေးထက် ဈေးပိုရခဲ့ပြီး ပဲကြီးသီးနှံမှာ ယခုနှစ် ဈေးသိသိသာသာ ဈေးကောင်းရရှိခဲ့သောကြောင့် ပဲတစ်တင်းကျပ် ၆သောင်းနီးပါး ရရှိခဲ့ပါသည်။ ရွှေကျွန်းတစ်တင်း ၆၂၀၀၀ကျပ်၊ ကမ်းနားတစ်တင်း ၅၉၀၀၀ ကျပ်တို့ဖြင့် အသီးသီး ရောင်းဝယ်ခဲ့ကြပြီး ထောပတ်နှင့် ပဲနီပြားသီးနှံများမှာ ယခုနှစ် ဈေးကောင်းရလျက်ရှိကာ ထောပတ်ပဲတစ်တင်း ၄၃၀၀၀ ကျပ်၊ ပဲနီပြားတစ်တင်း ၅၀၀၀၀ ကျပ်တို့ဖြင့် လက်လီသမားများ နေ့စဉ်ပုံမှန်အဝယ်ရှိပြီး လက်ကားသမားများမှာလည်း အဝယ်ရှိခဲ့၍ တစ်ရက်အိတ် ၅၀ ကျော်ရောင်းဝယ်မှု ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

           ထောပတ်သီးနှံများ ပဲအဝင်နည်း၍ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် လက်လီသမားများသာ အမြဲဝယ်ယူမှုရှိ၍ တစ်ရက်အိတ် ၂၀ ကျော် ပုံမှန်ရောင်းဝယ်မှုဖြစ်ခဲ့ပြီး ပဲဈေးနှုန်းများမှာ တစ်တင်းကျပ် ၈၆၀၀၀ဖြင့် ပဲဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရရှိခဲ့သာ သီးနှံဖြစ်ခဲ့ပြီး နှစ်စဉ်ဈေးကောင်းရရှိခဲ့သော သီးနှံအမျိုးအစားထဲတွင် ပါဝင်နေခဲ့ပါသည်။

           ပဲသီးနှံဈေးကွက်ထဲတွင် ပဲသီးနှံအားလုံးလိုလို ယခုနှစ်တွင် ဈေးကောင်းရရှိခဲ့ပြီး ပြည်ပဝယ်လက်ပဲများ သိသိသာသာ ဈေးကောင်းရရှိခဲ့၍ ပြည်တွင်းဝယ်လက်ပဲများလည်း ဈေးကောင်းရရှိသောနှစ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)