စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာ၌ ရုံးပတီသီးစိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေတိုး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီးဟင်းရွက်များလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စလင်းမြို့နယ်၊  ငလင်ပန်းကျေးရွာတွင် ရုံးပတီသီးကို  စိုက်ဧက ၇ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

      ရုံးပတီသီးသည် ရေလုံလောက်စွာရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြောင်း၊  စက်တင်ဘာလ လယ်တွင် စိုက်ပျိုးပြီး နိုဝင်ဘာလအစတွင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် အတန်းလိုက် နှစ်ပေအကွာ ကျင်းငယ် တူးပြီး အစေ့ချ၍ စိုက်ပျိုးကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် (မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ) အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းပိဿာချိန် (၉၀၀-၁၂၀၀) ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ (ပထမပတ်)တွင် ရုံးပတီသီး တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၃၀၀၀-၃၅၀၀၊ ရုံးပတီသီးအတောင့် (၁၀)တောင့်လျှင် ငွေကျပ် ၄၀၀-၅၀၀ ဈေးနှုန်းဖြင့် ရောင်းချရပြီး ငွေကျပ် ၁၇၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်းနှင့် ထိုမှတစ်ဆင့် မင်းဘူးမြို့နှင့် မကွေးမြို့ပေါ်ရှိ လက်လီ လက်ကားကုန်စိမ်းဆိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုရာသီတွင် ရုံးပတီသီးများ ဈေးကောင်း ရသောကြောင့် တောင်သူများအနေဖြင့် ဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)