ပေါ်ဦးပေါ်ဖျား ပန်းဂေါ်ဖီဈေးကွက်

Powered by Drupal

                 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးဇော်လင်း၏လယ်ယာမြေထဲတွင် ပန်းဂေါ်ဖီများကိုစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရပါသည်။

                ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီသည် စားသုံးသူများက ရာသီစာအဖြစ်စားသုံးမှုများကြပါသည်။ ပန်းဂေါ်ဖီများကို ပြည်မြို့၊ ဈေးကြီးအပါအဝင် အခြားဈေးများတွင်လည်း အောက်တိုဘာလနှင့် နိုဝင်ဘာလဆန်းပိုင်းမှစပြီး ရောင်းချလျက်ရှိပါသည်။ ပန်းဂေါ်ဖီသည် အေး၍စိုစွတ်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။စိုက်ပျိုးမှုမှာ မျိုးစေ့ကိုပျိုးထောင်ပြီး တစ်ဧကလျှင် အပင်ရေ (၁၂၀၀၀)ခန့်အထိစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးကာလမှာ ရက်ပေါင်း (၉၀) ကျော်အကြာတွင် အပွင့်များကို ခူးဆွတ်၍ရနိုင်ပါသည်။

                  ပန်းဂေါ်ဖီပွင့်များရောင်းချရာတွင် ကျေးရွာအတွင်းမှ ဈေးသည်များကလာရောက်ဝယ်ယူကြသလို ပြည်မြို့ပေါ်ရှိ ဈေးများသို့လည်းသွားရောက်ရောင်းချမှုများရှိပါသည်။ ပန်းဂေါ်ဖီပေါ်ဦးပေါ်ဖျားတွင် ဈေးကောင်းရရှိခဲ့သလို ယခုအချိန်တွင် အပွင့်ကြီးတစ်ပွင့်လျှင်(၃၀၀၀-၃၅၀၀)ကျပ်နှင့် အပွင့်သေးတစ်ပွင့်လျင် (၁၈၀၀-၂၀၀၀)ကျပ်အထိ ဈေးရကြောင်းသိရပါသည်။

                   ယခုအချိန်သည် ပန်းဂေါ်ဖီများ စတင်ထွက်ပေါ်ချိန်ဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများ ဈေးကောင်းရကာ  အရောင်းသွက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)