ပခုက္ကူမြို့တွင် ဖြစ်ပေါ်နေသော မန်ကျည်းသီးမှည့်ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် မန်ကျည်းသီးမှည့်အသစ်များ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး အဓိကအားဖြင့် ယောနယ်ဒေသများနှင့် ကျောက်ပန်းတောင်း၊ ဆိပ်ဖြူ၊ မြိုင်၊ ကမ္မနှင့် မြစ်ခြေမြို့ များမှ ထွက်ရှိ၍ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် မန်ကျည်းမှည့်ဈေးများ သိသိသာသာဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မန်ကျည်းသီးအသား တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၁၅၀၀၀)၊ လက်လီဈေး ကျပ်(၁၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင် အောက်တိုဘာလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက လက်ကားဈေး ကျပ်(၇၀၀၀)၊ လက်လီဈေး ကျပ်(၈၀၀၀)ဈေးတက်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ မန်ကျည်းသီးမှည့်များမှာ ရာသီကုန်ချိန်နီး၍ ဒေသတွင်းပွဲရုံများတွင် ဝယ်ယူသိုလှောင်ထားသော မန်ကျည်းသီးမှည့်များလည်း လက်ကျန်ပစ္စည်းနည်းလျက်ရှိပြီး ဒေသတွင်း စားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိခြင်းကြောင့် မန်ကျည်းသီးဈေး မြင့်တက်ရခြင်း ဖြစ်ကြောင်း သိရသည်။

    ဒေသတွင်းသုံးစွဲမှုအနေဖြင့်  မန်ကျည်းသားများကို ပခုက္ကူမြို့ပေါ်ရှိ လှောင်လက်သမားများမှ ဝယ်ယူကြပြီး ပြန်လည်ရောင်းချကြရာ အကြော်ဆိုင်၊ အကင်ဆိုင်များမှလည်း မန်ကျည်းသီး အချဉ်ရည်များ ပြုလုပ်ရန်အတွက် ဝယ်ယူကြကြောင်း၊ မန်ကျည်းဖျော်ရည်လုပ်ငန်းများနှင့် မန်ကျည်းတော်ဖီလုပ်ငန်းရှင်များမှလည်း အများအပြားဝယ်ယူသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ သို့တင်ပို့လျက်ရှိပြီး ထိုမှတဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)