ဆိပ်ဖြူကြက်သွန်နီ နိုဝင်ဘာလ(ပထမပတ်)တွင် ဖြစ်ပေါ်လျက်ရှိသောဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)မှစတွင်  ကြက်သွန်နီဈေးနှုန်းများမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများနှင့် အခြားမြို့နယ်များဖြစ်သည့် ပခုက္ကူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ တညောင်မြို့နယ်ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကြက်သွန်နီကုန်ဆုံးရာသီချိန် ရောက်ရှိသော်လည်း  ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှကုန်ချိန်ပိဿာ(၄)သောင်း၊ တစ်ပတ်အတွင်း ပိဿာ(၃) သိန်းခန့် ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

      ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင် ဈေးနှုန်းဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ရာ ကြက်သွန်နီအရည်အသွေးနှင့် အရွယ်အစားလိုက်၍ တောဈေး(ဂျွန်) တစ်ပိဿာ လျှင် ကျပ်(၄၀၀၀-၂၅၀၀)၊ ပွဲရုံများမှ ပြန်လည်သန့်စင်ပြီး ဥအကြီးအရွယ်အစား၊ အရောင်အဆင်းအလိုက် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၄၇၀၀-၃၀၀၀) ဈေးဖြင့် ဒေသတွင်း နေရာအနှံ့အပြား ရောင်းချလျက်ရှိကြောင်း၊ ပြည်တွင်းဈေးကွက်အပြင် ပြည်ပအဝယ်လိုက်၍ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး ယခင် အောက်တိုဘာလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ဈေးကွက်အနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ၊ ပြည်၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ နိုဝင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီကုန်ချိန် ပိဿာ(၃)သိန်း၊ တန်ချိန်အားဖြင့် (၄၉၀)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)