ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ သံပုရာစိုက်ခင်းသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် သံပုရာစိုက်ပျိုးသူများရှိပါသည်။ သံပုရာကို တချို့မှာ အိမ်ခြံဝိုင်းထဲတွင် စိုက်ပျိုးသလို ဉယျာဉ်ခြံများတွင်လည်းစိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အနေဖြင့် သံပုရာစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်တွေ့ဆုံရန် ပြည်မြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကုန်းဇင်းအုပ်စု၊ ဇီးတောကျေးရွာသို့သွားရောက်ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့်အဖွဲ့သည် (၁၈.၄.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ကုန်းဇင်းကျေးရွာအုပ်စု၊ ဇီးတောကျေးရွာသို့ သွားရောက်၍ သံပုရာသီးဈေးနှုန်းဈေးကွက်အခြေအနေများနှင့် တွက်ချေကိုက်မှု အခြေအနေများအား သိရှိနိုင်ရန် သွားရောက်ခဲ့ပါသည်။ ကုန်းဇင်းကျေးရွာအုပ်စု၊ ဇီးတောကျေးရွာတွင် သံပုရာ စိုက်ဧက (၂၀)ကျော်ရှိပြီး တစ်ဧကလျှင် သံပုရာပင် ၃၀၀ကျော်ခန့် စိုက်ပျိုးနိုင်ပါသည်။ သံပုရာ တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မိမိ မိသားစုလုပ်အားပါ ကျပ် ၄/၅သိန်းခန့် ကုန်ကျကြောင်း သိရပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်မျိုးဖြစ်သည့်အတွက် အပင်စိုက်ပျိုးပြီး ၄/၅ နှစ်အကြာတွင် အသီးများစတင် ခူးဆွတ်ရပါသည်။ သံပုရာသီးမှာ မိုးသီး၊ နွေသီးဟူ၍ (၂)မျိုးရှိပြီး မိုးရာသီတွင် သီးသော သံပုရာသီးမှာ အလုံးချော၊ အသီးအားကောင်းသော်လည်း ဈေးမှာတစ်လုံးလျှင် ၅၀/၆၀ ကျပ်ခန့် ရရှိပြီး နွေရာသီတွင် သီးသော သံပုရာသီးမှာ အလုံးညှက်၊ သီးနှုန်းကျပေမယ့် ဈေးနှုန်းမှာ တစ်လုံးလျှင်(၁၀၀)ကျပ် ခန့်ရရှိကြောင်းသိရပါသည်။ ထို့ကြောင့် မိုးသံပုရာမှာ သီးအားကောင်း၍ ဈေးနှုန်းကျပြီး နွေသံပုရာမှ သီးနှုန်းအားနည်း အလုံးညှက်ပေမယ့် ဈေးကောင်းရသဖြင့် သံပုရာစိုက် တောင်သူများအနေဖြင့် သံပုရာသီး အချိန်မှစ၍ တစ်နှစ်ပတ်လုံးဝင်ငွေမှာ ပျမ်းမျှအားဖြင့် တစ်လလျှင် ၃/၄သိန်း ခန့်ဝင်ငွေ ရရှိကြောင်း သိရပါသည်။

          ထွက်ရှိလာသောသံပုရာသီးများကို ပြည်ဈေးကွက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် ဒညင်းကုန်းဈေးများအပြင် ရခိုင်ပြည်နယ်ဘက်သို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ သံပုရာသီးကို တပိုင်တနိုင်အိမ်ခြံဝိုင်းထဲတွင် စိုက်ပျိုးမည်ဆိုလျှင် မိမိတို့စားသုံးရန်ရရှိသလို စီးပွားဖြစ် စိုက်ပျိုးမည် ဆိုလျှင်လည်း တစ်နှစ်ပတ်လုံး လစဉ်ဝင်ငွေများရရှိပြီး တွက်ချေကိုက်မည်ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။

DOCA(ပဲခူး)