
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ ကျောက်တန်းကျေးရွာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းသီးကို တစ်ရာသီလုံး မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုရာသီတွင် စိုက်ဧက (၉) ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။
ခရမ်းသီးမှာ စက်တင်ဘာလတွင် ပျိုးထောင်စိုက်ပျိုးပြီး နိုဝင်ဘာတွင် စတင်ထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် ခရမ်းသီး(အလုံးကြီး)မျိုးနှင့် ခရမ်းသီး(ဆင်စွယ်)မျိုးတို့ဖြစ်ပြီး တစ်ဧကလျှင် မျိုးစေ့(၁၇) ထုပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးအိတ်ဖြင့် ပျိုးထောင်ပြီး (၁၅)ရက်သားအရွယ်တွင် အတန်းလိုက်စနစ်ဖြင့် မြေချစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် (၁၄၀၀၀၀၀) ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာချိန် (၁၁၀၀-၁၅၀၀) ခန့်ထွက်ရှိပြီး ငွေကျပ်၁၉၀၀၀၀၀ခန့်အကျိုးအမြတ်ရရှိကြောင်းသိရသည်။
ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ ဒုတိယပတ်တွင် လက်ကားဈေး ခရမ်းသီးတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀-၄၀၀၀ ဖြင့်ရောင်းချရပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ ကုန်စိမ်းပွဲရုံများသို့ရောင်းချပြီး ထိုမှတစ်ဆင့် မကွေး၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များသို့တင်ပို့ကြောင်း၊ ယခုရာသီတွင် မိုးများ၍ အထွက်နှုန်းအနည်းငယ်လျော့နည်းသော်လည်း ဈေးကောင်းရသောကြောင့် အကျိုးအမြတ်များရရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)