ပခုက္ကူမြို့၌ ဘူးပင်စိုက်တောင်သူများ ဘူးသီးဈေးကောင်း၍ အကျိုးအမြတ်များစွာရရှိ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များသည် စိုက်ပျိုးရေးကိုအခြေခံပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံ ဘူးပင်စိုက်ပျိုးရေးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုမှ ဒေ စီးပွားဖြစ် စိုက်ပျိုးမှုများလာကြောင်းသိရှိရသည်။ ပခုက္ကူမြို့နယ်အတွင်းရှိ ဘောလုံးခုံ၊ လိပ်ကုန်း၊ ဘွက်ကုန်း၊ သင်္ဘောကုန်း၊ ညောင်လှ၊ သံပုရာပင်ကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကျေးရွာများတွင် ဘူးသီးသီးနှံကို အများဆုံးစိုက်ပျိုးကြသည်။

         ဘူးပင်စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဘူးသပိတ်နှင့် ဘူးလည်ရှည်များကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ဘောင်ပြုလုပ်၍ မြေဆီ၊ မြေဩဇာများကို သမအောင်ရောမွှေ၍ မြေပြုပြင်ပြီး စိုက်ပျိုးကြောင်း၊ ဘူးပင်သည် ရေဝပ်မြေကို ကြိုက်နှစ်သက်ခြင်းမရှိ၍ ဘောင်ဖြင့်စိုက်ပျိုးကြောင်း၊ လိုအပ်ပါက မြေအောက်ရေအပြင် ရေသွင်းစိုက်ပျိုးကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် အလုပ်သမားငှားရမ်းအသုံးပြုမှုအပေါ် မူတည်၍ ငွေကျပ်(၁၂) မှ ငွေကျပ်(၁၅)သိန်းထိကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်(၃၀)အကြာ တွင် ဘူးညွှန့်များကိုစတင်ခူးရပြီး ရက်ပေါင်း(၈၀)ခန့်တွင် ဘူးသီးများစတင်ခူးရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဘူးသီးအလုံး (၅၀၀၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် အလုံးအရွယ်အစားပေါ်မူတည်၍ ဘူးသီးတစ်လုံးလျှင် လက်ကားဈေး ကျပ်(၅၀၀-၁၅၀၀)၊ လက်လီဈေး ကျပ်(၁၅၀၀-၂၅၀၀) ဈေးဖြင့်ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် သိန်း(၃၀)ခန့်ရရှိကြောင်းသိရှိရသည်။

          ဈေးကွက်အနေဖြင့် စိုက်ခင်းထွက်ဘူးသီးများကို မြို့ပေါ်ရှိ ကုန်စိမ်းရောင်းဝယ်ရေးဆိုင်များသို့တင်သွင်းရကြောင်း၊ ထိုမှတစ်ဆင့် ဒေသတွင်းအကြော်ဆိုင်များ၊ စားသောက်ဆိုင်များမှဝယ်ယူကြောင်း၊ ဘူးသီးသာမက ဘူးညွန့်(၅)ညွန့်လျှင် ကျပ်(၂၅၀)ဖြင့်ရောင်းချရခြင်းကြောင့် အပိုဝင်ငွေများရရှိကြောင်း၊ ယခုနှစ်တွင် ဘူးသီးဈေးကောင်းရရှိ၍ စိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)