မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် နွေနှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများ၊ အခြားမြို့နယ်များမှ နွေနှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ် (၃၀၀-၄၀၀)ဝင်ရောက်၍ တစ်ပတ်အတွင်း အိတ်(၂၀၀၀)ခန့်ဝင်ရောက်ကြောင်း၊ နှမ်းဖြူနှင့် နှမ်းနက်(စမုန်)နှစ်မျိုးမှာ အများဆုံးအရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။
ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ(တတိယပတ်)တွင် နှမ်းအရည်အသွေးလိုက်၍ နှမ်းနက် (စမုန်) တစ်တင်းလျှင် ကျပ်(၂၁၅၀၀၀- ၂၀၅၀၀၀- ၁၉၅၀၀၀)ဈေးနှုန်းဖြင့်လည်းကောင်း၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၃၂၀၀၀-၁၂၇၀၀၀-၁၂၀၀၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အောက်တိုဘာလ(စတုတ္ထပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်တစ်တင်းလျှင် ကျပ်(၅၀၀၀) ဈေးနှုန်းကျဆင်းပြီး၊ နှမ်းဖြူမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများကြောင်း၊ ယောနယ်ဒေသ ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ ကျောက်ထုဒေသထွက်နှမ်းများ အများဆုံးဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ရောက်ရှိသည့်နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန်လုပ်ငန်းရှင်များက ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ဆီထွက်သီးနှံရောင်းဝယ်ရေးဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)